သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre -DMC) လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကျင်းပ

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre -DMC) လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကျင်းပ

နေပြည်တော်  မေ  ၁၁

 

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre -DMC) လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌  ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ အစည်းအဝေးသို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ(၂)  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်ထဲရေး ဝန်ကြီးဌာန   ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးများနှင့်   တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ   အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA)နှင့် စပ်လျဉ်း၍ မိုးလေဝသ ခန့်မှန်းချက်များအရ မုန်တိုင်းလမ်းကြောင်း၊ မုန်တိုင်းဝင်ရောက်နိုင်သည့် ဒေသအား အနီးစပ်ဆုံး သိရှိရပြီးဖြစ်သဖြင့် အရေးပေါ်အချိန်နှင့်   အရေးကြီးအချိန် လုပ်ငန်းများကို   တွဲဖက်ဆောင်ရွက်ရမည့် အခြေအနေ ဖြစ်ကြောင်း၊  DMC  အနေဖြင့် ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်မှ မုန်တိုင်းလမ်းကြောင်း ကျရောက်နိုင်သည့် မြို့နယ်များတွင် လိုအပ်သည်များ အသင့်ပြင်ဆင်ထားရှိမှု၊ ရွှေ့ပြောင်းပြီးစီးမှုအချက်အလက်တို့အား အချိန်နှင့်တစ်ပြေးညီ ပြည့်ပြည့်စုံစုံ ပြုစုထားရှိရန်လိုကြောင်း၊ ထိခိုက်ပျက်စီးဆုံးရှုံးမှုအနည်းဆုံးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ   မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး   စီမံဆောင်ရွက်ကြရန်လိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက်   အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အရေးပေါ်တုံ့ပြန်ရေးကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ အရန်ဆန်တန်ချိန် တစ်သောင်း ဝယ်ယူဖြန့်ခွဲမည့် အခြေအနေ၊  သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပူးပေါင်းချိတ်ဆက် ဆောင်ရွက်မည့် အခြေအနေများအား  ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက ဆိုင်ကလုန်းမုန်တိုင်းမိုခါ(MOCHA) ၏   လက်ရှိ အခြေအနေ၊ မုန်တိုင်းဦးတည်ရာလမ်းကြောင်း၊ မုန်တိုင်းပြင်းအားနှင့် မုန်တိုင်းဖြတ်သန်းဝင်ရောက်မည့် အခြေအနေ၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ မုန်တိုင်းဖြတ်သန်း ဝင်ရောက်နိုင်သည့် မြို့နယ်များတွင် လုံခြုံရေးပိုင်းဆိုင်ရာ အသင့်ပြင်ဆင်ထားရှိမှု အခြေအနေ၊   အရေးပေါ် ဆက်သွယ်ရေးအတွက် ပြင်ဆင်ထားရှိမှုအခြေအနေ၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် လူအင်အား၊ ယာဉ်အင်အား၊ စက်ပစ္စည်းကိရိယာ အင်အားများ စုဖွဲ့ထားရှိမှုအခြေအနေ၊ Cyclone Shelter နှင့် ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ပြောင်းရွှေ့ရန် စီစဉ်ထားရှိမှုအခြေအနေ၊  ဆက်သွယ်မှုကောင်းမွန်စေရေး ဆက်သွယ်ရေးစက်နှင့် Satellite Phone များ တပ်ဆင်ထားရှိမှု အခြေအနေ၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊  ရခိုင်ပြည်နယ်သို့ ရွေ့လျားရေသန့်စင်စက် ပေးပို့ပြီးစီးမှု အခြေအနေ၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့များ စေလွှတ်ပြီးစီးမှုနှင့် ဆက်လက်စေလွှတ်ရန် စီစဉ်ထားရှိမှု အခြေအနေ၊ လူနာတင်ယာဉ်နှင့် ဆေးရုံများ အသင့်ပြင်ဆင်ထားရှိမှု အခြေအနေ၊ ဆေးဝါးများနှင့်  ရေသန့်ဆေးပြားများ ပို့ဆောင်ထားရှိမှုအခြေအနေ၊  ဘေလီတံတားနှင့်   လူအင်အားစုဖွဲ့ထားရှိမှု အခြေအနေ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ မိုးကာတဲများ၊ တာပေါ်လင်စများ အသင့်ပြင်ဆင်ထားရှိမှု အခြေအနေ စသည်ဖြင့်   အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ဆွေးနွေးတင်ပြကြသည်။

ထို့နောက် DMC အဖွဲ့ဝင်ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားလှယ်မှ မုန်တိုင်းဒီရေမြင့်တက်လာပါက ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ   ဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးတို့က   တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်းရရှိသည်။