စပ်မျိုးနေကြာ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် မျိုးရွေးချယ်ခြင်း သရုပ်ပြပွဲနှင့် သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု လှည့်လည်ကြည့်ရှု စစ်ဆေး

စပ်မျိုးနေကြာ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် မျိုးရွေးချယ်ခြင်း သရုပ်ပြပွဲနှင့် သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု လှည့်လည်ကြည့်ရှု စစ်ဆေး

နေပြည်တော်  မေ  ၁၁

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ စံပြစိုက်ကွင်း၌ စပ်မျိုးနေကြာ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် မျိုးရွေးချယ်ခြင်း သရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊   နေပြည်တော် စည်ပင်သာယာရေး ကော်မတီ   ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်အတွင်းရှိ တောင်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ က အမှာစကား ပြောကြားပြီး  ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က နေပြည်တော်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်းမြင့်မားရေး၊ မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ နည်းပညာများနှင့် အသိပညာပေးလုပ်ငန်းဆောင် ရွက်နေမှုများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ  ပျဉ်းမနားမြို့ ပေါင်းလောင်း(၂) ရပ်ကွက်ရှိ မေတ္တာကန်အတွင်း သဲနုန်းများ တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် နေပြည်တော် မီးသတ်ဦးစီးဌာန  ဗဟိုမီးသတ်စခန်း၌  မုန်တိုင်း ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက  မီးသတ်ဦးစီးဌာန အနေဖြင့် ကူညီရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ် ရင်ဆိုင်တုံ့ပြန်ခြင်း လုပ်ငန်းများကို အသင့် ကြိုတင်ပြင်ဆင်ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်စေလိုကြောင်း ပြောကြားပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊  အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့်  ပရဟိတအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်၍ ခင်းကျင်းပြသထားသည့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား  လှည့်လည်ကြည့်ရှု စစ်ဆေးကာ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပရဟိတ အဖွဲ့များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် နေပြည်တော် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌  ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

ဆက်လက်၍ မီးသတ်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမြတ်သူက သဘာဝဘေး ဖြစ်ပေါ်လာပါက   စုဖွဲ့ဆောင်ရွက် ထားရှိမှု အခြေအနေ၊ ကြိုတင်ဇာတ်တိုက်ထားရှိမှု၊ ရင်ဆိုင်တုံ့ပြန်နိုင်မှုနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေ များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က သဘာဝဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ၊  သဘာဝဘေး ဖြစ်ပွားပါက  ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေ၊  ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လည်းကောင်း ရှင်းလင်း တင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်ရှိ  Myanmar Agribusiness Public Corporation (MAPCO)Ltd သို့ သွားရောက်ပြီး ဆန်စက် လုပ်ငန်းရှင်များ၊ ဆီစက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆန်စက် လုပ်ငန်းရှင်များက အရန်ဆန်များ စုဆောင်းထားရှိမှု အခြေအနေနှင့် ဆီစက်လုပ်ငန်းရှင်များက အရန်ဆီများ စုဆောင်းထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ပြောကြားပြီး စက်ရုံအတွင်း သဘာဝဘေးအတွက် အရန်ဆန်များ စုဆောင်းထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။