ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော “မိုခါ(MOCHA)”ဆိုင်ကလုန်းမုန်တိုင်း ဘေးအန္တရာယ် အတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော “မိုခါ(MOCHA)”ဆိုင်ကလုန်းမုန်တိုင်း  ဘေးအန္တရာယ် အတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  မေ  ၁၁

    ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ မီးသတ်ဦးစီးဌာနမှ မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် အရေးပေါ်ပြုစုခြင်း၊ အရေးပေါ်ရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများကို လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီး၌ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံး ပစ္စည်းကိရိယာများ၊ ရိက္ခာများ အသင့်စုဖွဲ့ ထားရှိခြင်းများအား  အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

    ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်  မိုးကောင်းမြို့နယ်၊ မိုးညှင်းမြို့နယ်၊ ပူတာအိုမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်၊ ပုလောမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်၊  မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြို့နယ်၊ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ်၊ လပွတ္တာမြို့နယ်တို့တွင် ပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက  ကြိုတင်ကာကွယ်နိုင်ရေး မီးသတ်တပ်ဖွဲ့ဝင်များက အသိပေး နှိုးဆော်ခြင်းများ၊ အသိပညာပေးခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များ၊ ခရိုင်များ၊ မြို့နယ်များရှိ မီးသတ်စခန်း အသီးသီးတွင်လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ၊ အရေးပေါ်ပြုစုခြင်း၊ အရေးပေါ်ရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများကို လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် အသင့်ကြိုတင်ပြင်ဆင် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။