အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ၏ အရှိန်ကြောင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ၏ အရှိန်ကြောင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်

နေပြည်တော် မေ ၁၁

    ယနေ့မြန်မာစံတော်ချိန် ည ၈ နာရီခွဲ အချိန် တိုင်းထွာချက်များအရ  ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် မြောက်ဘက်သို့  ရွေ့လျားခဲ့ပြီး     ပိုမိုအားကောင်းလာကာ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက်   ရေမိုင်  ၃၃၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင်  ၄၃၅  မိုင်ခန့်၊  စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၅၅၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ နီကိုးဘားကျွန်း၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်၄၆၅ မိုင်ခန့်၊ ပို့ပလဲယား၏ အနောက်ဘက် ရေမိုင် ၂၈၅ မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့၏ တောင်-အနောက်တောင် ဘက် ရေမိုင် ၅၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ လက်ရှိအခြေအနေမှာ ဘင်္ဂလား ဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့  ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။

အဆိုပါအားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါသည် မြန်မာစံတော်ချိန် ည ၈ နာရီခွဲအချိန်တွင် မြောက်လတ္တီကျု ၁၂.၃ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၇.၉ ဒီဂရီ တွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၂ ဟက်တို ပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၆၀ မှ ၇၀ မိုင်နှုန်းခန့် ဖြစ်ပါသည်။

အဆိုပါအားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါသည် နောက် ၁၂ နာရီအတွင်း မြောက်ယွန်းယွန်းသို့ ရွေ့လျားနိုင်ပြီး ၁၂-၅-၂၀၂၃ ရက်နေ့တွင် ဘင်္ဂလားပင်လယ် အော်အလယ်ပိုင်း၌ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါအဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ထို့နောက် အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း  မိုခါသည် မြောက်-အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်းကွေ့ကာ ၁၄-၅-၂၀၂၃ ရက် တွင်   ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်နိုင် သည်ဟု ခန့်မှန်းရပါသည်။

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏အရှိန်ကြောင့် ယနေ့ညမှ ၁၅-၅-၂၀၂၃ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

သို့ဖြစ်ပါ၍ ယနေ့ညမှ ၁၄-၅-၂၀၂၃ ရက်အတွင်း   မြစ်ဝကျွန်းပေါ်၊  ရခိုင် ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေ ပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်း အလွန်ကြီးနိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၈၀ မှ မိုင် ၁၀၀ ခန့်အထိ တိုက်ခတ် နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၁၃ ပေမှ ၁၆ ပေခန့် ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ  သည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်ခန့် အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် ၉ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း  မိုခါ၏အရှိန်ကြောင့် ၁၂-၅-၂၀၂၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်တို့တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

၁၃-၅-၂၀၂၃ ရက်မှ ၁၅-၅-၂၀၂၃ ရက်အတွင်း ရခိုင်ပြည်နယ်တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၀၀ မိုင်မှ ၁၀၅ မိုင်ခန့်အထိ၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ မှ မိုင် ၆၀ ခန့်အထိတိုက်ခတ်နိုင် သည်ဟု ခန့်မှန်းရပါသည်။

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ  ရခိုင်ပြည်နယ် စစ်တွေခရိုင်၊ မောင်တော ခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များ အတွင်း ၁၀ ပေမှ ၁၄ ပေခန့်အထိနှင့် ကျောက်ဖြူ ခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက်များ အတွင်း ၇ ပေမှ  ၁၀ ပေခန့်အထိ မြင့်တက်လာနိုင် ကြောင်း ခန့်မှန်းရပါသည်။ 

အဆိုပါအားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါ၏ အရှိန်ကြောင့် လေပြင်းတိုက် ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီး ခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါ သဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်း ကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံ မှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင် သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ် များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွား နိုင်ပါရန် အကြံပြုအပ်ပါသည်။

(မိုး/ဇလ)