“မိုခါ”(MOCHA)ဆိုင်ကလုန်းမုန်တိုင်း ဦးတည်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားသော ဒေသများသို့ တပ်မတော်ကူညီကယ်ဆယ်ရေးယာဉ်စုများ ထွက်ခွာ

မိုခါ”(MOCHA)ဆိုင်ကလုန်းမုန်တိုင်း ဦးတည်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားသော ဒေသများသို့ တပ်မတော်ကူညီကယ်ဆယ်ရေးယာဉ်စုများ ထွက်ခွာ

နေပြည်တော်၊ မေ - ၁၂

          ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ကြောင်း မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာန၏ တိုင်းထွာချက်အရ  သိရှိရချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအရေးပေါ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပ၍ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ (Disaster Management Committee- DMC) ကို မေလ ၈ ရက် နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်း၍ မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်သည့် ရှေ့ပြေးကူညီ ကယ်ဆယ်ရေး လုပ်ငန်းများအား သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခဲ့ရာ  ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်တို့တွင် ကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည် ထူထောင်ရေးပစ္စည်းများ၊ ဆေးဝါးနှင့်စားရေရိက္ခာများ ပို့ဆောင်ပြင် ဆင်စုဖွဲ့ ထားခဲ့ပြီးဖြစ်သည်။ အလားတူ မေလ ၉  ရက်နေ့မှစတင်၍ တပ်မတော် လေယာဉ်ဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ အမ်းမြို့ များသို့ စားသောက်ဖွယ်ရာများ၊ ဆေးပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေးဆိုင်ရာပစ္စည်း များ ပို့ဆောင်ပေးခဲ့သည်။

          ယခုအခါ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် နိုင်ငံတကာ မိုးလေ ဝသတိုင်းထွာရေး ပညာရှင်များနှင့် အဖွဲ့အစည်းများ၏ ခန့်မှန်းချက်များအရ  မေလ ၁၁ ရက်နေ့မှစ၍ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)သည် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ် ရောက်ရှိကာ မြန်မာကမ်းရိုးတန်းသို့ ဦးတည်တိုက်ခတ်လာနေပြီး မေလ ၁၄ ရက်နေ့တွင် စစ်တွေမြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်လာမည်ဟု  ခန့်မှန်းထုတ်ပြန်လာခဲ့သဖြင့် လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် မပို့ဆောင်နိုင်သည့်  ကယ်ဆယ်ရေးနှင့် ထောက်ပံ့ ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေးဆိုင်ရာပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာပစ္စည်း များ၊ အရေးပေါ်စားရေရိက္ခာများနှင့် သောက်ရေသန့်၊ စက်ယန္တရားများ ပါဝင်သည့် ယာဉ် အစီး ၁၁၂ စီးပါ တပ်မတော်ယာဉ်တန်းအား အုပ်စု ၁၀ စုဖွဲ့၍ ယနေ့တွင် ရန်ကုန်မြို့မှ  ဂွ၊ အမ်းနှင့် ကျောက်တော်မြို့များသို့လည်းကောင်း၊ မမျှော်မှန်းနိုင်သည့် အခြေအနေတွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် အရန်စုဖွဲ့မှုအဖြစ် ပုသိမ်၊ ပြည်၊ မကွေးမြို့များသို့ လည်းကောင်း စေလွတ်ခဲ့ကြောင်းနှင့် အဆိုပါ ယာဉ်စုများတွင် ပဲ့ချိတ်စက်များ၊ ဖိုက်ဘာလှေများ၊ ချိန်းဆောနှင့် လက်သုံးကိရိယာများ၊ အသက်ကယ် အင်္ကျီများ၊ အသက်ကယ်ဘောကွင်းများ၊ မိုးကာတဲနှင့် တာပေါ်လင်များ၊ အရေးပေါ် ဆေးသေတ္တာများ၊ ထိခိုက်ဒဏ်ရာများအတွက် အရေးပေါ်ကုသဆေးများ၊ မြွေအဆိပ် ဖြေဆေးများ၊ မေးခိုင်ကာကွယ်ဆေးများ၊ ရေသန့်စင်ဆေးပြားများ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ကုသဆေးများ၊ အရေးပေါ် ဆက်သွယ်ရေး စက်များ၊ ဆက်စပ်ပစ္စည်းများ နှင့် ယာဉ်ချို့ယွင်းပါက ပြင်ဆင်ရန် ယာဉ်အပိုပစ္စည်းများနှင့် ရေသန့်စင်ယာဉ်များ စသည်ဖြင့် အပြည့်အစုံပါရှိကြောင်း အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံမှ သတင်းရရှိသည်။