၂၀၂၃ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

၂၀၂၃ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

နေပြည်တော်၊ မေ - ၁၂

          ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံ လေကြောင်းလူငယ် သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း(အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။

          ထိုသို့ လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် တပ်မတော်(ရေ)က ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို ရန်ကုန်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၉၇ ဦး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရေကြောင်း လူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၈၅ ဦး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ဟိန်းဇဲမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၀ ဦးတို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူ နည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ တပ်မတော်(ရေ) ရေကြောင်း လူငယ်သင်တန်းစခန်း ၁၁ ခု၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

          အလားတူ တပ်မတော်(လေ)က မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်နှင့် မြေပြင်အတတ်သင်လေတပ်စခန်းဌာနချုပ်တို့၌ သင်တန်း စခန်း ၁၇ ခုတို့မှ စခန်းသွင်း လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး အခြေခံလေကြောင်း လူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံ လေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်) သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၈၀ ဦးတို့သည် ယနေ့တွင် မြေပြင်အတတ်သင်လေတပ်စခန်းဌာနချုပ်တွင် RC Simulator မောင်းနှင်ခြင်း၊ RC လေယာဉ်/ ရဟတ်ယာဉ်/ Drone လက်တွေ့ မောင်းနှင်ခြင်းနှင့် အခြေခံစစ်ရေးပြ လေ့ကျင့်ခြင်းများအား ဆောင်ရွက်ခဲ့ကြသည်။

          အဆိုပါ သင်တန်းသားများသည် မေလ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် မြေပြင် အတတ်သင် လေတပ်စခန်းဌာနချုပ်၌ သင်တန်းပေါင်းစုံ RC Simulator မောင်းနှင်ခြင်း ပြိုင်ပွဲ၊ RC လေယာဉ်/ ရဟတ်ယာဉ်/ Drone မောင်းပြိုင်ပွဲနှင့် အခြေခံစစ်ရေးပြ ပြိုင်ပွဲများကို ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။