ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် သဲနုန်းများ တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် သဲနုန်းများ တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်  မေ  ၁၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်အတူ  ယနေ့ညနေပိုင်းတွင် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန်၏ အရှေ့ဘက်ခြမ်း သဲနုန်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုကြည့်ရှု စစ်ဆေးကြသည်။

ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၅)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထိုက်နှင့် တာဝန်ရှိသူများက ကန်တော်မင်္ဂလာ ရှမ်းကန်အတွင်း သဲနုန်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု ကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည်  ကန်တော်မင်္ဂလာရှမ်းကန်ရှိ ရေလယ်ဘုရားကျောင်းဆောင်   အသစ် ပြန်လည် တည်ဆောက်နိုင်ရေးအတွက် လုပ်ဆောင်ရမည့် လုပ်ငန်းများကို   ညှိနှိုင်းဆောင်ရွက်ကြသည်။

ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန်၏ အရှေ့ဘက်ခြမ်း   သဲနုန်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများမှာ သဲနုန်းကျင်း   ၃၉၀၀ တူးဖော်ပြီးစီး၍ ရာခိုင်နှုန်းအားဖြင့် ၈၀  ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့   လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သဘာဝဘေး အန္တရာယ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုမှ လျော့နည်းသက်သာစွာ ရင်ဆိုင်တုံ့ပြန်နိုင်ရန်နှင့်   စနစ်တကျစီမံခန့်ခွဲနိုင်ရန်   လုပ်ငန်းကော်မတီ အသီးသီး အနေဖြင့်   သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်းအစီအမံများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း စီမံချက်ပါ  လုပ်ငန်းစဉ်များဖြစ်သည့်   ကြိုတင်ပြင်ဆင်ရေးနှင့် ကြိုတင်ကာကွယ်ရေး၊ ပြန်လည်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများကလည်း    သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုကို ဖြည့်စွက်ဆွေးနွေးကာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။