အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိသဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိသဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်

နေပြည်တော် မေ ၁၂

    ယနေ့မြန်မာစံတော်ချိန် ည ၉ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေ သော အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါသည် မြောက်-အရှေ့မြောက် ဘက်သို့ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ကိုကိုး ကျွန်းမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၈၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက်ရေမိုင် ၃၄၀ မိုင်ခန့် စစ်တွေမြို့၏ တောင်-အနောက်တောင် ဘက် ရေမိုင် ၄၁၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊  ပို့ပလဲယား၏ အနောက်မြောက်ဘက်  ရေမိုင်  ၃၀၀ မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ  ကော့ဘဇားမြို့၏ တောင်-အနောက်တောင်ဘက်  ရေမိုင် ၄၅၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို  ဗဟိုပြုနေသည်။

အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါ၏  လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-ရခိုင်ကမ်းရိုးတန်းသို့ ဦးတည် ရွေ့လျားနိုင်သည့် အခြေအနေရှိပါသဖြင့် လိမ္မော်ရောင် အဆင့်ဟု သတ်မှတ်သည်။

အဆိုပါ  အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါသည် မြန်မာစံတော် ချိန်  ည ၉ နာရီခွဲအချိန်တွင် မြောက် လတ္တီကျု ၁၄.၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၈.၆ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေ ဖိအား ၉၇၂ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၉၅ မိုင်မှ မိုင် ၁၀၀ နှုန်းခန့်ဖြစ်သည်။

အဆိုပါ  အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါသည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ပြီး ပိုမိုအားကောင်းလာကာ နောက် ၉ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၌  အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း  မိုခါအဖြစ်သို့ ရောက်ရှိနိုင်ပြီး    ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ ၁၄-၅-၂၀၂၃ ရက် နေ့လယ်ပိုင်းတွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါအနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရသည်။

အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါ၏ အရှိန်ကြောင့် ယနေ့ညမှ ၁၅-၅-၂၀၂၃ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်  တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသ အလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။

သို့ဖြစ်ပါ၍ ယနေ့ညမှ ၁၄-၅-၂၀၂၃ ရက်အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့်  ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီး မည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေ ပြင်လေသည် တစ်နာရီလျှင် မိုင် ၉၀ မှ မိုင်၁၁၀ ခန့်အထိ တိုက်ခတ်နိုင်သည်။ လှိုင်း အမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၁၄ ပေမှ ၁၈ ပေခန့် ရှိနိုင်သည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက် ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်  ၉ ပေမှ ၁၂ ပေခန့်ရှိနိုင်သည်။

ယနေ့ညမှ ၁၅-၅-၂၀၂၃ ရက်အတွင်း ရခိုင်ပြည်နယ်တွင် အမြင့်ဆုံးလေတိုက်နှုန်း မှာ တစ်နာရီလျှင် မိုင် ၁၀၀ မှ မိုင် ၁၁၀ ခန့် အထိ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ မှ မိုင် ၆၀ ခန့်အထိ  တိုက်ခတ်နိုင်သည်ဟု  ခန့်မှန်းရသည်။

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ် စစ်တွေခရိုင်၊ မောင်တောခရိုင် တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း ၁၂ ပေမှ ၁၆ ပေခန့်အထိနှင့် ကျောက်ဖြူခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း ၉ ပေမှ ၁၂ ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း  ခန့်မှန်းရသည်။

အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏အရှိန်ကြောင့် မုန်တိုင်းဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီး ခြင်းနှင့်အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါ သဖြင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်ကြသူများအနေဖြင့် မုန်တိုင်းဒီရေ အန္တရာယ်ကို ကြိုတင်သတိပြုရှောင်ရှားကြ ပါရန်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှု များနှင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို ကြိုတင်သတိပြုနေထိုင်ကြပါရန်၊ ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် သို့ လုံးဝ(လုံးဝ)မထွက်ရန်နှင့် ပြည်သူလူထု အနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာန၏ အချိန်နှင့်တစ်ပြေးညီထုတ် ပြန်ချက်များကိုစောင့်ကြည့်၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို  ဆောင်ရွက်သွားနိုင်ပါရန်  သတိပေး နှိုးဆော်အပ်ပါသည်။     

  (မိုး/ဇလ)