ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ စိုက်ပျိုးမြေဧရိယာအားလုံး၌ တစ်ဧကချင်း၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးကြိုးပမ်းလျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ စိုက်ပျိုးမြေဧရိယာအားလုံး၌ တစ်ဧကချင်း၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးကြိုးပမ်းလျက်ရှိ

နေပြည်တော်  မေ  ၁၂

ကုန်းမြင့်ဒေသနေ ပြည်သူများ၏အခြေခံ စားဝတ်နေရေး လိုအပ်ချက်များ ပြည့်စုံစေရန်နှင့် လူမှုဘဝ တိုးတက်မြင့်မားလာစေရန် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးနည်း စနစ်အစား  ကုန်းမြင့်လယ်ယာမြေများ ဖော်ထုတ်အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊  ရေခံမြေခံကောင်းရှိပြီး သီးနှံစုံစိုက်ပျိုးဖြစ်ထွန်းသည့် ရှမ်းပြည်နယ်၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများပြောင်းလဲ တိုးတက်ရေးနှင့် တန်ဖိုးမြင့် ကုန်ချောထုတ်လုပ်မှု ဖွံ့ဖြိုးလာရေးအတွက်  စီမံဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့၌   လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်က   ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စိုက်ပျိုးရန် ကျန်ရှိသည့်မြေများတွင် စိုက်ပျိုးမှုများ ဆောင်ရွက်နိုင်ရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးနှင့်  တစ်ဧကချင်း အထွက်နှုန်းများ တိုးတက်စေရေး အလေးထား ဆောင်ရွက်ပေးစေလိုသည်ဟု လမ်းညွှန်မှုပြုထားကြောင်း၊ နိုင်ငံတော်၏ စားရေရိက္ခာ ဖူလုံပိုလျှံရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားရေး မျှော်မှန်းချက်ကို လက်တွေ့ အကောင်အထည်ဖော်ကြရမည့် တာဝန်သည် မိမိတို့ဝန်ကြီးဌာန တာဝန်ရှိသူအဆင့်ဆင့်၏ ပခုံးပေါ်တွင်ရှိနေသည်ကို အလေးဂရုပြုပြီး မိမိတာဝန်ယူထားသည့် ဒေသပြောင်းလဲတိုးတက်ရေး၊ မိမိတာဝန်ခံထားသည့်လုပ်ငန်းများ  အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း၊ ဒေသအလိုက် မတူညီသည့် ရေမြေရာသီဥတု အခြေအနေအရပ်ရပ်ပေါ် အခြေခံ၍ စိုက်ပျိုးသီးနှံများ သုတေသနပြုရေးသည် အရေးကြီးကြောင်း၊  ဒေသသုတေသနစခန်း အနေဖြင့် မိမိတို့လုပ်ငန်း တာဝန်များအောင်မြင်စေမည့် အခွင့်အရေးကောင်းအဖြစ် ဖော်ထုတ် အသုံးချနိုင်ရေး တီထွင်ကြံဆဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်နယ်နှင့် ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဘဏ္ဍာရေး နှစ်အလိုက် ဆက်လက်အကောင်အထည် ဖော်မည့် အစီအစဉ်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေး မှာကြားသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မိုးစပါးဧက ၂၈၀၀၀၀ ကျော်၊ နွေစပါးဧက ၈၀၀၀ ကျော် အပါအဝင် အဓိကသီးနှံ  ၁၀ မျိုး၏ စုစုပေါင်း စိုက်ဧက ၃၆၀၀၀၀ ကျော်ရှိကြောင်း၊ ကျိုင်းတုံခရိုင်၌ အသားတင် စိုက်ပျိုးမြေ ဧက ၂၁၀၀၀၀ ကျော်ရှိပြီး ၂၀၂၂-၂၀၂၃ မိုးစပါးဧက ၁၄၀၀၀၀ ကျော်၊ နွေစပါးဧက ၇၀၀၀ ခန့်အပါအဝင် အဓိကသီးနှံ ၁၀ မျိုးစိုက်ဧကပေါင်း ၁၉၀၀၀၀ ကျော်နှင့် သီးနှံစုံစိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း၊ ရေမြေအခြေအနေပေးသည့် ဒေသများ စိုက်ပျိုးမြေဧရိယာ အားလုံး၌  တစ်ဧကချင်း၏ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေး၊ တောင်သူတစ်ဦးချင်း၏ ကုန်ထုတ်စွမ်းအား မြှင့်တင်နိုင်ရေးအတွက် ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကများနှင့် ဒေသခံတောင်သူများ အကြား ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။