(၂၂)ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိ

 (၂၂)ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိ

နေပြည်တော်  မေ  ၁၂

    ပြည်ထောင်စုရာထူးဝန်အဖွဲ့   အမြဲတမ်း အတွင်းဝန် ဦးအောင်တင်စိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဝန်ကြီးချုပ်ရုံးမှ အမြဲတမ်း အတွင်းဝန်  Ajman Bin Haji Meludin ၏ ဖိတ်ကြားချက်အရ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့၌ မေ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့သည့် (၂၂)ကြိမ်မြောက်   အာဆီယံနိုင်ငံ့ ဝန်ထမ်းအဖွဲ့အစည်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အစည်းအဝေးနှင့်  အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

အဆိုပါအစည်းအဝေးများကို “အာဆီယံနိုင်ငံ့ ဝန်ထမ်းကဏ္ဍ ပိုမိုအားကောင်းစေရေး အနာဂတ်အတွက် ကိုက်ညီမှုရှိသော နိုင်ငံ့ဝန်ထမ်း အသိုက်အဝန်း”ဟူသည့်ခေါင်းစဉ်ဖြင့် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးများ၌ (၂၂)ကြိမ်မြောက် အာဆီယံနိုင်ငံ့ ဝန်ထမ်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍ၊ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဘရူနိုင်းဒါရုဆလမ်နိုင်ငံမှ တာဝန်ယူဆောင်ရွက်နေစဉ် ကာလ (၂၀၂၂-၂၀၂၄)အတွင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊    အာဆီယံနိုင်ငံ့ဝန်ထမ်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍနှင့် အာဆီယံအပေါင်းသုံး နိုင်ငံတို့၏ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅)အောက်၌ သက်ဆိုင်ရာ အာဆီယံနိုင်ငံအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ ၂၀၂၅ ခုနှစ်အလွန် အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များ၊ (၂၁)ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးမှ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့် အာဆီယံ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ   ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍနှင့် အခြားဆက်စပ် ကဏ္ဍများ၊ ဆွေးနွေးဖက် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံနိုင်ငံများရှိ နိုင်ငံ့ဝန်ထမ်း လေ့ကျင့်ရေး အဖွဲ့အစည်းများအကြား   ဆက်သွယ်မှု ကွန်ရက်၏ တိုးတက်မှုလုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များသည် ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ ထင်ရှားသည့် ယဉ်ကျေးမှုဆိုင်ရာ နေရာများသို့   လေ့လာရေးခရီး သွားရောက်ခြင်း၊ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခြင်းနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခြင်းတို့ကို  ဆောင်ရွက်ခဲ့ကြကြောင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန်နှင့်အတူ အဖွဲ့ဝင်တစ်ဦး ပြန်လည် လိုက်ပါလာကြောင်း သိရသည်။