သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနမှ မုန်တိုင်းဒီရေ အထူးသတိပေးချက် (၁၂-၅-၂၀၂၃)

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနမှ မုန်တိုင်းဒီရေ အထူးသတိပေးချက်

(၁၂-၅-၂၀၂၃)

-        မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့မြန်မာ စံတော်ချိန် (၁၅၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “ မိုခါ(MOCHA)” သည်  မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းသို့ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ ကိုကိုး ကျွန်းမြို့ (CoCo Island)၏အနောက်ဘက် ရေမိုင် (၂၉၅) မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hain ghyi gyun)၏ အနောက်-အနောက် တောင်ဘက် ရေမိုင် (၃၇၀) မိုင်ခန့်၊ စစ်တွေမြို့ (Sittwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၄၅၀) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ပို့ပလဲယား (Port Blair)၏ အနောက်မြောက်ဘက် ရေမိုင် (၃၀၀) မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ (Cox's Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၄၉၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ(MOCHA)”သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ပိုမို အားကောင်းလာကာ ယနေ့ညပိုင်းတွင် ဘင်္ဂလား ပင်လယ်အော်အရှေ့ အလယ်ပိုင်း၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm)  “မိုခါ (MOCHA)” အဖြစ်သို့ရောက်ရှိနိုင်ပြီး  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ (Cox's Bazar)နှင့် မြန်မာနိုင်ငံ  ကျောက်ဖြူမြို့ (Kyaukpyu) တို့ကြား စစ်တွေမြို့ (Sittwe))အနီးမှ ၁၄-၅-၂၀၂၃ ရက်နေ့ နေ့လယ်ပိုင်းတွင် အားအလွန်ကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm)) “မိုခါ (MOCHA)” အနေဖြင့် ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

-        မုန်တိုင်းဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၉၀) မှ (၁၁၀) ခန့်ထိ တိုက်ခတ်ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

-        မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နေချိန် လေတိုက်နှုန်းတစ်နာရီလျှင် မိုင် (၉၀) မှ မိုင် (၁၁၀) အတွင်းတိုက်ခတ်ပါက မုန်တိုင်းဒီရေအမြင့်မှာ ၉ ပေ မှ ၁၆ ပေခန့် အတွင်းရှိနိုင်ကြောင်း ခန့်မှန်းရပါသည်။ သို့ဖြစ်၍ ၁၆ ပေအောက်နိမ့်သော နေရာများတွင် နေထိုင်ကြသည့် ပြည်သူများ အနေဖြင့် နီးစပ်ရာ ဆိုင်ကလုန်း Shelter များ (သို့မဟုတ်) ရေဘေး လွတ်ကင်းရာ ကုန်းမြေမြင့်များသို့ ရွှေ့ပြောင်းနိုင်ရေး ကြိုတင်စီမံထား ရန်နှင့် မရှိမဖြစ်လိုအပ်သည့် တစ်ကိုယ်ရေသုံး ပစ္စည်းများအား ရွှေ့ပြောင်း အခြေပြုမည့်နေရာသို့ ကြိုတင်ပို့ဆောင်ထားခြင်းဖြင့် အန္တရာယ်ကျရောက် ချိန်တွင် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြင့် ကျော်လွှားနိုင်မည်ဖြစ်ကြောင်း အကြံပြုသတိပေး နှိုးဆော်အပ်ပါသည်။

-        မုန်တိုင်းတိုက်ခတ်ရာ ခန့်မှန်းလမ်းကြောင်းတွင် တည်ရှိနေသည့် စစ်တွေမြို့နှင့် မောင်တောမြို့အနီးတစ်ဝိုက် ဒေသများသည် မုန်တိုင်း ဒီရေတက်ရောက်ပါက ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ပြီး ခန့်မှန်း တွက်ချက်မှုများအရ နတ်မြစ်ကြောင်းတစ်လျှောက် မြစ်ဝမှ တောင်ပြိုလက်ဝဲမြို့အထိ အရှေ့ဘက်ကမ်းဒေသများ၊ မေယုမြစ်ကြောင်း တစ်လျှောက် မေယုမြစ်ဝမှ ရသေ့တောင်၊ ဘူးသီးတောင်မြို့များအထိ မြစ်ကြောင်း ဝဲ/ယာဒေသများ၌ မုန်တိုင်းဒီရေ သက်ရောက်မှုများရှိနိုင် ကြောင်း တွေ့ရှိရပါသည်။

-        ထို့ပြင် မုန်တိုင်းဒီရေ ၁၆ ပေခန့် မြင့်တက်လာပါက မောင်တောမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊  ဖရုံကာကျွန်းအရှေ့ဘက်ခြမ်း၊ မင်းပြားမြို့၊ မြေပုံမြို့၊ ကမ်းထောင်းကြီးမြို့၊ ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့ ပတ်ဝန်းကျင်ဒေသများ အနေဖြင့် မြစ်ချောင်းများ၊ ပင်လယ်ကမ်းခြေနှင့် ဆက်စပ်နေရာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းတွေ့ရှိရပါသည်။

-        အလားတူပင် မုန်တိုင်းဒီရေ ၁၆ ပေခန့် မြင့်တက်လာပါက သံတွဲမြို့၊ သဗြုချိုင်၊ မောင်ရွှေလေးချိုင်နှင့် ငပလီကမ်းခြေဒေသများ၊ ဂွမြို့ အနီးပတ်ဝန်းကျင်ရှိ  အလယ်ချောင်၊ ရေတွင်းတူး၊ ရဟင်ဖျားနှင့် ကင်းလျှာရှည်နေရာများ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းတွေ့ရှိရပါသည်။

-        သို့ဖြစ်ပါ၍ မုန်တိုင်းဒီရေ သက်ရောက်နိုင်သည့် အထက်ပါမြို့၊ ရွာများတွင် နေထိုင်ကြသူများ အနေဖြင့် နီးစပ်ရာဆိုင်ကလုန်း Shelter များ (သို့မဟုတ်) ရေဘေးလွတ်ကင်းရာ ကုန်းမြေမြင့်များသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

-        မုန်တိုင်းလမ်းကြောင်းနှင့် မုန်တိုင်းလေတိုက်ခတ်မှု နှုန်းများသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲမှုများ ရှိနိုင်ပါသဖြင့် သတိပြုလိုက်နာနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဆက်လက် သတင်းထုတ်ပြန် သွားမည်ဖြစ်ပါသည်။