အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ၏ လက်ရှိအခြေအနေကို အနီရောင်အဆင့်သတ်မှတ်

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ၏ လက်ရှိအခြေအနေကို အနီရောင်အဆင့်သတ်မှတ်

နေပြည်တော်  မေ  ၁၃

ယနေ့မြန်မာစံတော်ချိန် ည ၉ နာရီခွဲအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်မြောက်ဘက် ရေမိုင် (၂၂၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၀၅)မိုင်ခန့်၊ စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၂၁၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ပို့ပလဲယား၏ မြောက်-အနောက်မြောက်ဘက်ရေမိုင် (၃၅၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၂၇၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

မုန်တိုင်း၏လက်ရှိအခြေအနေကို အနီရောင်အဆင့်ဟုသတ်မှတ်ပါသည်။ 

အဆိုပါ အလွန့်အလွန်အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မြန်မာစံတော်ချိန် ည ၉ နာရီခွဲအချိန်တွင် မြောက်လတ္တီကျု(၁၇.၁)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.ဝ)ဒီဂရီတွင်ရှိပြီး    ဗဟိုချက်လေဖိအား (၉၄၄)ဟက်တိုပါစကယ်နှင့်  အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၂၀)မှ မိုင်(၁၃၀)နှုန်းခန့်ဖြစ်ပါသည်။

အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး (၁၄.၅.၂၀၂၃)ရက်  နံနက်ပိုင်းမှစ၍ ရခိုင်ကမ်းရိုးတန်းကို စတင်ဖြတ်ကျော်နိုင်ကာ (၁၄.၅.၂၀၂၃)ရက် နေ့လယ်ပိုင်းတွင် မုန်တိုင်း၏ ဗဟိုချက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ  ကော့ဘဇားမြို့နှင့်  မြန်မာနိုင်ငံကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါအနေဖြင့် ဖြတ်ကျော် ဝင်ရောက်နိုင်ပါသည်။ ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျား

နိုင်ပြီး ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့်    စစ်ကိုင်းတိုင်းဒေသကြီးဆီသို့ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါအနေဖြင့် ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ၏ အရှိန်ကြောင့် ယနေ့ညမှ (၁၅.၅.၂၀၂၃) ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊   မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊  ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊   မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

သို့ဖြစ်ပါ၍ ယနေ့ညမှ (၁၄.၅.၂၀၂၃)ရက်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင်  မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအလွန်ကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၁၁၀)မှ  မိုင်(၁၂၀)ခန့် အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၆)ပေမှ ပေ(၂၀)ခန့် ရှိနိုင်ပါသည်။ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၇၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။

လှိုင်းအမြင့်မှာမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၄)ပေခန့်  ရှိနိုင်ပါသည်။

ယနေ့ညမှ    (၁၅.၅.၂၀၂၃)ရက်အတွင်း ရခိုင်ပြည်နယ်တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၁၀)မှ မိုင်(၁၂၀)ခန့်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၇၀)မှ မိုင်(၉၀)ခန့်အထိနှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ် စစ်တွေခရိုင်၊ ကျောက်ဖြူ ခရိုင်နှင့် မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း(၁၆)ပေမှ ပေ(၂၀)ခန့်အထိမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းရပါသည်။

အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း   မိုခါ၏အရှိန်ကြောင့်   မုန်တိုင်း ဒီရေမြင့်တက်ခြင်း၊  လေပြင်းတိုက်ခတ်ခြင်း၊  မိုးကြီးခြင်း၊  ရုတ်တရက်ရေကြီးခြင်းနှင့်အတူ  မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့်  မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်ကြသူများအနေဖြင့် မုန်တိုင်း ဒီရေအန္တရာယ်ကို ကြိုတင်သတိပြုရှောင်ရှားကြပါရန်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြ သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများနှင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကို ကြိုတင်သတိပြုနေထိုင်ကြပါရန်၊  ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်သို့  လုံး၀ (လုံးဝ)မထွက်ရန်နှင့်   ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ပါရန် သတိပေး နှိုးဆော်အပ်ပါသည်။

(မိုး/ဇလ)