မင်းဘူးခရိုင်/မြို့နယ်များတွင် မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးစီ ဖွဲ့စည်းကာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်ပြင်ဆင်ထားရှိ

မင်းဘူး၊ ကာကွယ်ရေး

မင်းဘူးခရိုင်/မြို့နယ်များတွင် မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးစီ ဖွဲ့စည်းကာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်ပြင်ဆင်ထားရှိ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်/မြို့နယ်များတွင် မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးဖွဲ့စည်းကာ မုန်တိုင်းဒဏ်ခံရမည့် ဒေသများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်ထားရှိကြောင်း သိရသည်။

“သဘာဝဘေးဒဏ်ကာကွယ်ရေးအတွက် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရဲ့ဦးဆောင်ကွပ်ကဲမှုနဲ့တစ်ခရိုင်ကို တပ်ဖွဲ့ဝင် ၃၅ ဦးစီ အသင့်စုဖွဲ့ထားပါတယ်။ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့ရင် ကယ်ဆယ်ဆောင်ရွက်နိုင်ဖို့ တစ်မြို့နယ်ကို အရန်တပ်ဖွဲ့ဝင်၃၅ ဦးစီ စုဆောင်းဖွဲ့ထားပြီးဖြစ်ပါတယ်။ တပ်ဖွဲ့ဝင်တွေစုဖွဲ့ထားရှိမှုနဲ့အတူ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် လူနာတင်ယာဉ် တစ်စီး၊ ရေသယ်ယာဉ်သုံးစီး၊ အသက်ကယ်လှေတစ်စင်း၊ စကားပြောစက်၊လှေကား၊ လူနာထမ်းစင်၊ အသက်ကယ်ဘောကွင်းများ၊ ၅ ဂါလန်ဆံ့ရေပုံးများ၊ ချိန်းစောများ၊ ရဲတင်း၊ ပေါက်ပြား၊ သံတူးရွင်းစတဲ့ပစ္စည်းများနဲ့ စားနပ်ရိက္ခာ နှစ်ပတ်စာဖြင့် ကယ်ဆယ်ရေး တပ်ဖွဲ့ကို အသင့်ဖွဲ့စည်းပြီးဖြစ်ပါတယ်”ဟု မင်းဘူးခရိုင် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးထွန်းထွန်းက ပြောသည်။

မင်းဘူးခရိုင်အတွင်း ခရိုင်အဆင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကော်မတီမှ မင်းဘူးမြို့ရှိ ဦးသြဘာသခန်းမရှေ့တွင် ကယ်ဆယ်ရေးတပ်ဖွဲ့အင်အားများ၊ ကယ်ဆယ်ရေးယာဉ်များ၊ ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှုတို့ကို မတ် ၁၃ ရက်တွင် မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးကော်မတီဥက္ကဋ္ဌမှ ကြည့်ရှုစစ်ဆေးဆောင်ရွက်ကြောင်း သိရသည်။

မင်းဘူးခရိုင် မီးသတ်ဦးစီးဌာနအနေဖြင့် မိမိဒေသတွင်သာမက အခြားသောဒေသများတွင် မုန်တိုင်းအန္တရာယ်ကျရောက်ပါက သွားရောက် ကူညီဆောင်ရွက်နိုင်ရန် အရန်အင်အားများလည်း အသင့်ပြင်ဆင်ထားရှိကြောင်း သိရသည်။          

ဘုန်းလင်္ကျာ(မင်းဘူး)