ရေဘေးမှလွတ်ကင်းစေနိုင်မည့်အသက်ကယ်နည်းလမ်းများ ပညာပေးဟောပြောသရုပ်ပြ

မြိတ်၊ ပညာပေး

ရေဘေးမှလွတ်ကင်းစေနိုင်မည့်အသက်ကယ်နည်းလမ်းများ ပညာပေးဟောပြောသရုပ်ပြ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မိုခါမုန်တိုင်းကြောင့် ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ရေဘေးမှ လွတ်ကင်းစေနိုင်မည့် အသက်ကယ်နည်းလမ်းများအား ရေလမ်းသွား ခရီးသွားများနှင့် ပြည်သူများအား ပညာပေးဟောပြောသရုပ်ပြခြင်း၊ လက်တွေ့ ဆောင်ရွက်စေခြင်းကို မေ ၁၄ ရက် နံနက်ပိုင်းတွင် ထားဝယ်စုရပ် ကမ်းနားလမ်းရှိ ဆားတံတားတွင် ခရိုင်/မြို့နယ် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့နှင့် ခရိုင်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ကြသည်။

အသိပညာပေးဟောပြောပွဲတွင် ရေဘေးအန္တရာယ်ပေါ်ပေါက်လာပါက ၅ ဂါလန်ဆံ့ပလတ်စတစ်ပုံးသည် သောက်ရေသန့်များ ကြိုတင်ဖြည့်တင်း စုဆောင်းထားနိုင်သကဲ့သို့ ဘေးအန္တရာယ်ဖြစ်ပွားချိန်၌ ပလတ်စတစ်ပုံးအားပိုက်လျက် ကူးခတ်နိုင်ခြင်း၊ တစ်လီတာ ရေသန့်ဘူးအလွတ် ၁၀ ဘူးကို ကြိုးဖြင့်ခိုင်ခံ့စွာချည်ပြီး ရင်ဘတ်နှင့်ကျောကို   သေချာစွာချည်နှောင်၍ အသက်ကယ် အင်္ကျီသဖွယ် အသုံးပြုနိုင်ခြင်း၊ ရေသန့်ဘူး ရှစ်ဘူးအား အင်္ကျီအတွင်းထည့်၍ ခါးမှကြိုးဖြင့်ချည်ကာ အသက်ကယ်အင်္ကျီကဲ့သို့ အသုံးပြုနိုင်ခြင်းများအား ခရိုင်မီးသတ်ဦးစီးဌာနမှူး  ဦးစန်းဦးက  ပညာပေးဟောပြော၍ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြခဲ့ကြပြီး ပြည်သူများအား လက်တွေ့ဆောင်ရွက်စေခဲ့သည်။                                                                                                                         

ပညာပေးလက်တွေ့ဆောင်ရွက်ခြင်းကို ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော် ဦးဆောင်သည့်  ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်   စီမံခန့်ခွဲမှုအဖွဲ့ဝင်  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ရေလမ်းသွားခရီးသွားများနှင့် ပြည်သူများအား အသိပညာပေး ဟောပြောသရုပ်ပြကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)