ဘိုကလေးမြို့နယ်အတွင်းမှ ကျေးရွာအချို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အအုံတချို့ အမိုးလန်ပျက်စီး

ဘိုကလေးမြို့နယ်အတွင်းမှ ကျေးရွာအချို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အအုံတချို့ အမိုးလန်ပျက်စီး

ဧရာဝတီတိုင်းဒေသကြီး   ဖျာပုံခရိုင် ဘိုကလေးမြို့နယ်တွင် မေ ၁၃ ရက် ညနေ ၄ နာရီခွဲတွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအချို့မှ အဆောက်အအုံတချို့ အမိုးလန်ပျက်စီးခဲ့ကြသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ဘိုကလေးမြို့နယ် ပက်ပြဲကျေးရွာအုပ်စု တိုးလှကျေးရွာရှိ ဦးသောင်းဟန်၏  အလျား ၁၂ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ ပေရှိ သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်မှ အမိုးသွပ် ၁၁ ချပ်လန်ခဲ့ကြောင်းနှင့် ဘိုကလေးမြို့နယ် မဂူကျေးရွာအုပ်စု ရေကျော်ကြီးကျေးရွာရှိ World Vision မှ  လှူဒါန်းထားခဲ့သော အလျား ၃၅ ပေ၊ အနံ ၄၅ ပေ၊ အမြင့် ၁၅ ပေရှိ သွပ်မိုး၊ ဒူးပိတ်သွပ်ကာ၊ ကွန်ကရစ်ခင်း ကျေးရွာ ဘက်စုံသုံးအဆောက်အအုံ၏ အမိုး ၃၆ ချပ်လန်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမိုးလန်ပျက်စီးမှုများကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာ မရရှိကြောင်းနှင့်   အမိုးလန်ပျက်စီးသွားသည့် ပက်ပြဲကျေးရွာအုပ်စု တိုးလှကျေးရွာမှ နေအိမ်တွင်နေထိုင်ကြသော မိသားစုဝင်သုံးဦးအား  ကျေးရွာတာဝန်ရှိသူများက တိုးလှဘုန်းတော်ကြီးကျောင်းသို့  ခေတ္တယာယီပြောင်းရွှေ့ ပေးထားကြောင်း  သိရသည်။               

 မိုးစက်(ဘိုကလေး)