ပြည်မြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်

ပြည်မြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ယမန်နေ့က မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုတို့ကြောင့် ကျေးရွာအုပ်စုအချို့တွင် ပြိုလဲပျက်စီး၊ အမိုးလန်ခဲ့သော နေအိမ်များအတွက် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် မှော်ဇာကျေးရွာအုပ်စု၊ ကြာအင်းအုပ်စု၊ ထမ္မကောက်အုပ်စု၊ ပေါင်းတမော့အုပ်စု၊ မှုတ်ရှည်ကျေးရွာအုပ်စုနှင့် ရွှေတံခါးရပ်ကွက်တို့မှ စုစုပေါင်းပြိုလဲပျက်စီး နေအိမ်နှစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်နှစ်သိန်း၊ အမိုးလန်ပျက်စီး စုစုပေါင်းအိမ်ခြေ ၁၃ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်  ၅၇၀၀၀၀၊ ပြိုလဲဘုန်းတော်ကြီးကျောင်း တစ်ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်  နှစ်သိန်းနှင့်  လေဘေးသင့်အိမ်ထောင်စုဝင် ၅၆ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၂၁၀၀ နှုန်းဖြင့် ဆန်ဖိုး ထောက်ပံ့ငွေကျပ် ၁၁၇၆၀၀ အပါအဝင် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၀၈၇၆၀၀ နှင့်အိမ်ထောင်စု နှစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ပလတ်စတစ်ပုံးနှစ်ပုံးတို့အား ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများနှင့်အတူ ယနေ့နံနက် ၇ နာရီမှ ၁၂ နာရီထိ အဆိုပါ ကျေးရွာများအရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။  

ကိုဆက်(ပြန်/ဆက်)