အစေ့ထုတ်ပြောင်းစိုက်ပျိုးခြင်းဖြင့် တောင်သူဦးကြီးများ အကျိုးအမြတ်ရရှိနိုင်

ဝန်းသို၊ စိုက်ပျိုးရေး

အစေ့ထုတ်ပြောင်းစိုက်ပျိုးခြင်းဖြင့် တောင်သူဦးကြီးများ အကျိုးအမြတ်ရရှိနိုင်

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင်ဝန်းသိုမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စိုက်ပျိုးရာသီတွင် ဆောင်း အစေ့ထုတ်ပြောင်း  ပန်းတိုင်စံပြကွက် ရိတ်သိမ်းခြင်းကွင်းသရုပ်ပြပွဲကို မေ ၁၃ ရက်တွင် တောင်သူဦးဇော်လင်းဦး၏ ပြောင်းစိုက်ဧက ၃ ဧကစံကွက်၌ ကျင်းပသည်။

“အစေ့ထုတ်ပြောင်းတစ်ဧကစိုက်မယ်ဆိုရင် စိုက်ပျိုးစရိတ်၊ ဓာတ်မြေသြဇာ ထည့်သွင်းစရိတ်စတဲ့ စုစုပေါင်းကုန်ကျစရိတ် ၅ သိန်း ကျော်ကုန်ကျမယ်။ ပြောင်းခင်းတစ်ဧကကို အခြောက်အထွက်နှုန်းတင်း ၈၀၊ ၉၀ ထွက်ပါတယ်။ လောလောဆယ်ပေါက်ဈေးအရ   ပြောင်းတစ်တင်းကိုငွေကျပ် ၁၉၀၀၀ နဲ့ဆို တစ်ဧကဝင်ငွေ ၁၅ သိန်းကျော်ရရှိမှာဖြစ်ပါတယ်။ ကုန်ကျစရိတ်နုတ်လိုက်ရင် တောင်သူ အတွက် ၉ သိန်း၊ ၁၀ သိန်းအကျိုးအမြတ်ရရှိမှာဖြစ်တဲ့အတွက် အစေ့ထုတ်ပြောင်းစိုက်ပျိုးခြင်းဟာ တောင်သူဦးကြီးတွေအတွက် ဝင်ငွေတိုးစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြောင်းရိုးကိုလည်း အီးအမ်ဘိုကာရှီ သဘာဝမြေဆွေးပြုလုပ်သုံးစွဲနိုင်ပါတယ်” ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးတင့်ဆွေက ပြောသည်။

အဆိုပါကွင်းသရုပ်ပြပွဲတွင် ကောလင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းသိန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေနှင့်ဝန်ထမ်းများ၊ တောင်သူများ တက်ရောက် ကြပြီး စုပေါင်းစံကွက်ရိတ်သိမ်းရာ ပြောင်းဖူးတစ်ဖူးပါအစေ့ ၃၁၄ စေ့၊ နို့ဆီတစ်ဘူးပါ အစေ့ ၇၀၀၊ တစ်ဧကအစိုအထွက်နှုန်း ၉၁ ဒသမ ၁၂ တင်း၊ အခြောက်အထွက်နှုန်း ၈၀ ဒသမ ၁၈ တင်းထွက်ရှိကြောင်း သိရသည်။

  ထွန်းထွန်း