မြောက်ဦးမြို့ မုန်တိုင်းရှောင်ယာယီခိုလှုံရာစခန်းရှိ ပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

မြောက်ဦးမြို့ မုန်တိုင်းရှောင်ယာယီခိုလှုံရာစခန်းရှိ ပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

 

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက   မုန်တိုင်း ရှောင်ပြည်သူများရှိရာ ယာယီခိုလှုံရာစခန်းများသို့ သွားရောက်၍ ထောက်ပံ့ပစ္စည်းများပေးအပ်၍ အားပေးစကားများပြောကြားခဲ့သည်။

မြောက်ဦးမြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းကျေးရွာနှင့် မြစ်ချောင်းနံဘေးတွင် နေထိုင်ကြသော ကျေးရွာများမှ မုန်တိုင်းရှောင်ပြည်သူများ ရောက်ရှိသည့် အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၊ သျှစ်သောင်း ဘုန်းတော်ကြီးကျောင်း၊ ပညာရောင်ခြည်ဘုန်း တော်ကြီးကျောင်း စသော ဘုန်းတော်ကြီး ကျောင်းများ၌ ပြည်သူများအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ကူညီထောက်ပံ့သည့် ဆန်၊ ဆီ၊ ဆား၊ ငါးပိတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ မုန်တိုင်းရှောင်ပြည်သူများအား စားနပ်ရိက္ခာ၊ သောက်သုံးရေဖူလုံစေရေးအတွက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များက ကူညီစီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ 

မြင့်စိုး(ပြန်/ဆက်)