ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့် သင်တန်းအမှတ်စဉ်(၃/၂၀၂၃) သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော်  မေ  ၁၅

ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့် သင်တန်းအမှတ်စဉ်(၃/၂၀၂၃) သင်တန်းဖွင့်ပွဲကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင် မည့် ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင် အကြိုစွမ်းရည်မြှင့်သင်တန်း အမှတ်စဉ်(၃/၂၀၂၃)ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ဒုတိယဦးစီးမှူးများသည် မြို့နယ်၌ ဦးစီးအရာရှိကိုတာဝန်ခံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း၊ ရုံးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင် ပြင်ဆင်ရသည့် လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ရသည့် လုပ်ငန်းပမာဏ အင်မတန်များပြားလှကြောင်း၊ သင်တန်းသားများအနေနှင့် မြို့နယ်တာဝန်ခံဖြစ်သည့် ဦးစီးအရာရှိတစ်ဦး ဆောင်ရွက်ရသည့် လုပ်ငန်း တာဝန်များကို သိရှိထားရန်လိုသကဲ့သို့ လုပ်ငန်းများ ဆောင်ရွက်ရာ၌လည်း မိမိအထက်အရာရှိနှင့် မိမိဌာနကို  အထောက်အကူပြုနိုင်ရန် လေ့လာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ကော်မရှင်အနေနှင့် ရွေးကောက်ပွဲကျင်းပရာတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေး   ဆောင်ရွက်ရကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ပြဋ္ဌာန်းထားသည့်   ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီဖြစ်စေရေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ကြီးကြပ်ရသကဲ့သို့ ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်း များကိုလည်း ဥပဒေနှင့်အညီ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရကြောင်း။

ကော်မရှင်အနေနှင့် ရွေးကောက်ပွဲကျင်းပသည့်အချိန်မှသာ လုပ်ငန်းများ ဆောင်ရွက်ရခြင်းမျိုး မဟုတ်ဘဲ    ရွေးကောက်ပွဲအကြိုကာလ၊   ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ နှောင်းပိုင်းကာလဆို သည့် ကာလသုံးခုလုံး၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ဆောင်ရွက်ရမည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ အောင်မြင်စွာ    ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရန် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ကျေညက်အောင် လေ့လာမှတ်သားကြစေလိုကြောင်း၊ ပို့ချသည့်သင်ခန်းစာများကိုလည်း အလေးအနက် ထားလေ့လာသင်ယူကြရန် မှာကြားလိုကြောင်း။

သင်တန်းသားများအနေနှင့် ရွေးကောက်ပွဲကျင်းပသည့်အခါ လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ PR စနစ်နှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို သိရှိနားလည်အောင် သင်တန်းကပို့ချသည့်သင်ခန်းစာများကို ဂရုတစိုက် လေ့လာ မှတ်သားကြစေလိုကြောင်း၊ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးလုံးချမ်းမြေ့ပြီး ကျန်းမာကြံ့ခိုင်သည့် အရည်အချင်း ရှိသော ဝန်ထမ်းကောင်းများ ဖြစ်စေရေး ကျင့်ကြံကြိုးစားကြစေလိုကြောင်း၊ ပေးအပ်သည့် တာဝန်များ ကို ကျေပွန်စွာထမ်းဆောင်နိုင်ပြီး ဌာနအတွက်၊ နိုင်ငံတော်အတွက် အားကိုးအားထား ပြုရသည့် လူတော်လူကောင်းများဖြစ်ရန်   ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် သင်တန်းသားတစ်ဦးချင်းစီအလိုက် ကိုယ်ရေးအချက်အလက်များကို တင်ပြပြီး အခမ်းအနား ကို ရုပ်သိမ်းသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ ၅၂ ဦးတို့ တက်ရောက်ကြပြီး သင်တန်းကို မေ ၁၅ ရက်မှ ဇွန် ၁၆ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။                   

(သတင်းစဉ်)