Grade-12 သင်ရိုးသစ်ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ

ပဲခူး၊ ပညာရေး

Grade-12 သင်ရိုးသစ်ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ပဲခူးတက္ကသိုလ်စုဝေးခန်းမ၌ မေ ၁၅ ရက်တွင် Grade-12 သင်ရိုးသစ် ဆင့်ပွား သင်တန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းပြည်အနာဂတ်အတွက် အရည်အချင်း ရှိသော ပညာတတ် တပည့်များ မွေးထုတ်ပေးနိုင်ရေး အရည်အသွေးမြင့်မားသည့် ဆရာ၊ ဆရာမများ ဖြစ်ရန်လိုကြောင်း၊ သင်ရိုးသစ်ဆင့်ပွား သင်တန်းမှတစ်ဆင့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ကို အရည်အသွေးပြည့်ဝသော ဗလငါးတန်နှင့်ပြည့်စုံသောလူတော်လူကောင်းများ၊ နိုင်ငံ့သားကောင်း များ ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးနိုင်ရေး အစွမ်းကုန်ကြိုးစားသင်ယူလေ့လာကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်က Grade-12 သင်ရိုးသစ် ဆင့်ပွား သင်တန်းဘာသာရပ်အလိုက် ဖွင့်လှစ်သင်ကြားပေးမည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် Grade-12 သင်ရိုးသစ် ဆင့်ပွားသင်တန်းသို့ တက်ရောက်မည့် အခြေခံပညာ ဆရာ၊ ဆရာမများအတွက်  ငွေကျပ်သိန်း  ၅၀  ပေးအပ်သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း အခြေခံပညာ ကျောင်းများ၌  Grade-12  သင်ရိုးသစ်ကို ကျောင်းဖွင့်ရာသီအမီ အရည်အသွေးပြည့်ဝစွာ သင်ကြားပေး နိုင်ရေး အတွက် အခြေခံပညာအထက်တန်းပြဆရာ၊ ဆရာမ စုစုပေါင်း ၄၅၆၇ ဦးကို ပဲခူးတက္ကသိုလ်တွင် ၁၄၅၁ ဦး၊ တောင်ငူတက္ကသိုလ်တွင် ၁၁၁၂ ဦးနှင့်ပြည်တက္ကသိုလ်တွင် ၂၀၀၄ ဦးဖြင့် နေရာသုံးခုခွဲ၍ မေ ၁၅ရက်မှ ၂၄ ရက်အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။           

(၄၀၁)