မုန်တိုင်းငယ် မြန်မာနိုင်ငံမှဖြတ်ကျော်သွားပြီးဖြစ်သော်လည်း မုန်တိုင်းမှအကြွင်းအကျန် တိမ်တိုက်များကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ ခန့် တိုက်ခတ်နိ

မုန်တိုင်းငယ် မြန်မာနိုင်ငံမှဖြတ်ကျော်သွားပြီးဖြစ်သော်လည်း မုန်တိုင်းမှအကြွင်းအကျန် တိမ်တိုက်များကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ ခန့် တိုက်ခတ်နိုင်၊ မုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်

နေပြည်တော်  မေ  ၁၅

    ယနေ့နံနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်များအရ   စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကသာမြို့အနီးမှ ကုန်းတွင်းသို့ ရွေ့လျားဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း   “မိုခါ” သည် ကချင်ပြည်နယ် ဗန်းမော်မြို့အနီးမှ အရှေ့-အရှေ့မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး တရုတ်-မြန်မာ နယ်စပ်တွင် မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ကာ နောက် ၃ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။

မုန်တိုင်းငယ်သည် မြန်မာနိုင်ငံမှ ဖြတ်ကျော်ခဲ့ပြီးဖြစ်သည့်အတွက် အစိမ်းရောင်အဆင့်ဟုသတ်မှတ်ပါသည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့နံနက်မှ နောက် ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊    မန္တလေးတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနှင့် အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။   မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်  ၄၀ မှ ၄၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။

အဆိုပါမုန်တိုင်းငယ်သည် မြန်မာနိုင်ငံမှ ဖြတ်ကျော်သွားပြီးဖြစ်သော်လည်း မုန်တိုင်းမှ အကြွင်းအကျန် တိမ်တိုက်များကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ ခန့် တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊   မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊  မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့်  မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့်   မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထု အနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကိုစောင့်ကြည့်၍  လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ပါရန်  အကြံပြုအပ်ပါသည်။

 (မိုး/ဇလ)