နည်းပညာဆိုင်ရာ သုတေသနဖွံ့ဖြိုးရေး သင်တန်းဖွင့်လှစ် မြင်း၊ မြည်းနှင့် လား မွေးမြူထုတ်လုပ်ရေး ဘာသာရပ်များ ပို့ချဆွေးနွေး

နည်းပညာဆိုင်ရာ သုတေသနဖွံ့ဖြိုးရေး သင်တန်းဖွင့်လှစ် မြင်း၊ မြည်းနှင့် လား မွေးမြူထုတ်လုပ်ရေး ဘာသာရပ်များ ပို့ချဆွေးနွေး

နေပြည်တော်   မေ  ၁၅

    နည်းပညာဆိုင်ရာ သုတေသနဖွံ့ဖြိုးရေး အတွက် မွေးမြူရေး သုတေသနဦးစီးဌာနမှ ဖွင့်လှစ်သည့် မြင်း ၊ မြည်းနှင့် လား မွေးမြူထုတ်လုပ်ရေး သင်တန်းကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော် ရေဆင်း၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး  ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာတင်ထွဋ်၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ ခေတ္တဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိရစ္ဆာန် ဆေးကုဆရာဝန်များ အသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ မြင်းစီးအားကစား အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းပို့ချပေးကြမည့် ပညာရှင်များ၊  သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က နိုင်ငံတော်အနေဖြင့် လယ်ယာ၊  သား၊ ငါးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် ခေတ်မီ နည်းပညာများ အသုံးပြုပြီး ဘက်စုံကဏ္ဍစုံ တစ်ပြေးညီ   ဖွံ့ဖြိုးတိုးတက်လာရေးကို ရည်မှန်းချက်၊ ဦးတည်ချက်ထား ဆောင်ရွက်လျက်ရှိရာ စားရေရိက္ခာ ဖူလုံရေးနှင့် ပြည်သူများ၏ အာဟာရပြည့်ဝရေး အတွက် အရေးပါသည့် ကဏ္ဍတစ်ရပ်ဖြစ်သော မွေးမြူရေးကဏ္ဍ ကောင်းစွာဖွံ့ဖြိုးလာစေရန် မွေးမြူရေး သုတေသန ဦးစီးဌာနကို အသစ်တည်ထောင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း၊   စီမံခန့်ခွဲမှုအပိုင်းနှင့်  ဘဏ္ဍာငွေကြေး လိုအပ်ချက်ကို နိုင်ငံတော်အစိုးရက ဖြည့်ဆည်း ဆောင်ရွက်ပေးသော်လည်း မွေးမြူရေးကဏ္ဍကို လက်တွေ့အကျိုးပြုနိုင်မည့် သုတေသန ရလဒ်ကောင်းများ ဖော်ထုတ်ပေးနိုင်ရေးသည် ပညာရှင်များနှင့် မျိုးဆက်သစ် သုတေသနပညာရှင်များ၏ လက်ဝယ်တွင်ရှိနေသည်ကို သတိပြုပြီး ကျရာအခန်း ကဏ္ဍများက ကြိုးပမ်းသွားကြရန် တိုက်တွန်းလိုကြောင်း။

အခြားတစ်ဖက်တွင်လည်းသဘာဝ သယံဇာတများနှင့် သဘာဝပတ်ဝန်းကျင်များ အပေါ်ထိခိုက်မှုမရှိစေဘဲ ပြောင်းလဲလာသော စားရေရိက္ခာလိုအပ်ချက်၊ကျန်းမာရေး လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်မည့် ပိုမိုကောင်းမွန်သော စနစ်များသို့ ပြောင်းလဲ ကျင့်သုံးနိုင်ရေးအတွက် သုတေသန လုပ်ငန်းများကို   အရေးကြီးသော ကဏ္ဍအဖြစ် တွေ့မြင်ရမည်ဖြစ်ကြောင်း။

မွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် မွေးမြူရေး သုတေသန ဦးစီးဌာနတစ်ခုတည်းသာမက  လုပ်ငန်း ဆက်စပ်တက္ကသိုလ်၊အစိုးရမဟုတ်သော မွေးမြူရေး ရေလုပ်ငန်းအဖွဲ့အစည်းများ ပူးပေါင်းပါဝင်   ဆောင်ရွက်နေခြင်းကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

ယနေ့နည်းပညာဆိုင်ရာ သုတေသန ဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် မြင်း၊ မြည်းနှင့် လား မွေးမြူထုတ်လုပ်ရေး သင်တန်းသည်လည်း အနာဂတ်မြန်မာနိုင်ငံ၏ မွေးမြူရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ကောင်းမွန်သော ရလဒ်များ ပေါ်ထွက်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ထို့နောက် မွေးမြူရေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်ထွန်း က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကုန်းသတ္တဝါ၊ ရေသတ္တဝါဆိုင်ရာ သုတေသနလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

မြန်မာနိုင်ငံရှိ မြင်းမွေးမြူရေး၊ မြင်းအစာအာဟာရနှင့် မြင်းရောဂါဆိုင်ရာ သုတေသန ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် မြင်းများ၏ မျိုးပွားစွမ်းရည်ကို လေ့လာခြင်းနှင့် မျိုးမြှင့်တင်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး မြင်း မွေးမြူထုတ်လုပ်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ငါးရက်ကြာဖွင့်လှစ်မည့် အဆိုပါသင်တန်းတွင်   သင်တန်းသား၊ သင်တန်းသူ ၂၄ ဦး တက်ရောက်လေ့လာလျက် ရှိပြီး မြင်းမျိုးနွယ်စု မျိုးမြှင့်သားဖောက်ခြင်းနှင့်    မွေးမြူထုတ်လုပ်ခြင်း ဆိုင်ရာဘာသာရပ်များကို  ဒေါက်တာမြင့်သန်း ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) က လည်းကောင်း၊ မြင်းမျိုးနွယ်စု ရောဂါများနှင့် အစာအာဟာရဆိုင်ရာ (Equine Diseases and Basic Nutrition for equine) ဘာသာရပ်များကို မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခဌာနမှူး    ဒေါက်တာဝင်းဥမ္မာကျော်က လည်းကောင်း၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ၏ မြင်းမွေးမြူရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မြင်းစီးအားကစား အဖွဲ့ချုပ်မှ  ဒေါက်တာ ဆန်းထွန်းဦးက လည်းကောင်း ပို့ချဆွေးနွေးသွားကြမည်ဖြစ်ကြောင်းနှင့် ဆက်လက်၍ အသားတိုးနွား၊ နို့စားနွားနှင့် ဝက် ၊ ကြက် မွေးမြူရေး အတွက်   သုတေသန လုပ်ငန်းဆိုင်ရာ သင်တန်းများကိုလည်း   ဖွင့်လှစ်ဆောင်ရွက်သွားရန် စီမံထားရှိကြောင်း သိရသည်။