ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ တတိယလုပွဲတွင် မြန်မာအသင်းရှုံးနိမ့်

ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ တတိယလုပွဲတွင် မြန်မာအသင်းရှုံးနိမ့်

(၃၂ )ကြိမ်မြောက် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ တတိယလုပွဲကို ယနေ့ညနေပိုင်းတွင် အိုလံပစ်အမျိုးသားကွင်း၌ ကျင်းပရာ ဗီယက်နမ်အသင်းက မြန်မာအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် တတိယလုပွဲတွင် နာမည်ကြီး ဗီယက်နမ်အသင်းနှင့် တွေ့ဆုံခဲ့ပြီး အရေးနိမ့်ခဲ့သဖြင့် ကြေးတံဆိပ်ဆုနှင့် လွဲချော်ခဲ့ရသည်။    မြန်မာအသင်းသည် ဗီယက်နမ်ကို အရေးနိမ့်ခဲ့သဖြင့် ဆီးဂိမ်းပြိုင်ပွဲတွင် နှစ်ကြိမ်ဆက်တိုက် ဆုတံဆိပ်နှင့် လွဲချော်ခဲ့ရသည်။

မြန်မာအသင်း၏ ပွဲထွက်လူစာရင်းတွင် ပြည့်ဖြိုးသူ (ဂိုး)၊ ဉာဏ်လင်းထက်၊ သက်ဟိန်းစိုး၊ လတ်ဝေဘုန်း၊ ကောင်းထက်ပိုင်၊ အာကာကျော်၊ ခွန်ကျော်ဇင်ဟိန်း၊ ထူးမြတ်ခန့်၊ ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ ဟိန်းထက်အောင်တို့ ပါဝင်ကစားခဲ့သည်။

ဗီယက်နမ်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ဟာကွက်များရှိနေသည့်မြန်မာအသင်း  ခံစစ်ဘယ်ခြမ်းမှ အဓိကတိုက်စစ်ဆင်ခဲ့ပြီး ပထမပိုင်းတွင်ရရှိသည့် နှစ်ဂိုးစလုံး ယင်းဘက်ခြမ်းမှ သွင်းယူခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည်    ပထမပိုင်းတွင် ဂိုးသွင်းခွင့် အနည်းငယ်သာရခဲ့ပြီး အသုံးမချနိုင်သဖြင့် ပထမပိုင်းအပြီးတွင် ဗီယက်နမ်အသင်းက နှစ်ဂိုးအသာဖြင့် ဦးဆောင်နေသည်။

ဗီယက်နမ်အသင်းအတွက် ဂိုးများကို ၁၀၊ ၃၆ မိနစ်တွင် ဟိုဗင်ကောင်က သွင်းယူခဲ့ခြင်းဖြစ်သည်။

ဒုတိယပိုင်းတွင်လည်း ဗီယက်နမ်အသင်းကသာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ၅၇ မိနစ်တွင် ဗန်ကောင်က သွင်းယူခဲ့သည်။ မြန်မာအသင်းသည် သုံးဂိုးပေးလိုက်ရသော်လည်း ကစားသမားများပြောင်းလဲကာ တိုက်စစ်မြှင့်ခဲ့ပြီး နှစ်သိမ့်ချေပဂိုးတစ်ဂိုးကို ၈၈ မိနစ်တွင် အောင်မျိုးခန့်ကသွင်းယူခဲ့သည်။

ရှိုင်းထက်ဇော်