ဆီးဂိမ်းရိုးရာလှေပြိုင်ပွဲတွင် မြန်မာရိုးရာလှေအဖွဲ့ ရွှေတစ်ခု၊ ငွေငါးခု၊ ကြေးနှစ်ခုရရှိ

ဆီးဂိမ်းရိုးရာလှေပြိုင်ပွဲတွင် မြန်မာရိုးရာလှေအဖွဲ့ ရွှေတစ်ခု၊ ငွေငါးခု၊ ကြေးနှစ်ခုရရှိ

(၃၂)ကြိမ်မြောက်    ဆီးဂိမ်းရိုးရာလှေပြိုင်ပွဲကို မေ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့ရာ မြန်မာရိုးရာလှေအဖွဲ့ ရွှေတစ်ခု၊ ငွေငါးခု၊ ကြေးနှစ်ခုရရှိပြီး ဝင်ရောက်ယှဉ်ပြိုင်သည့်ပြိုင်ပွဲအမျိုးအစား    ရှစ်မျိုးစလုံးဆုတံဆိပ် မလွတ်တမ်းရယူနိုင်ခဲ့သည်။

ပြိုင်ပွဲနောက်ဆုံးနေ့ကို    ယနေ့တွင် ကျင်းပရာ မြန်မာရိုးရာလှေအဖွဲ့က ငွေတံဆိပ်သုံးခု ထပ်မံရရှိပြီး ပြိုင်ပွဲအပြီးတွင် ဆုတံဆိပ်ရှစ်ခုရရှိခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲနောက်ဆုံးနေ့တွင် ကျင်းပသည့် ပွဲစဉ်များအနက် မီတာ  ၈၀၀ ယူ-၂၄ အမျိုးသား ၁၂ တက်လှော်ပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ မြန်မာအသင်းက ငွေတံဆိပ်၊ မလေးရှားအသင်းက ကြေးတံဆိပ်၊ မီတာ ၈၀၀ အမျိုးသားအလွတ်တန်း ၁၂ တက်လှော်ပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းက ရွှေတံဆိပ်၊ မြန်မာအသင်းက ငွေတံဆိပ်၊     ကမ္ဘောဒီးယားအသင်းက ကြေးတံဆိပ်၊ မီတာ ၈၀၀ ယူ-၂၄ အမျိုးသား ငါးတက်လှော်ပြိုင်ပွဲတွင် အိမ်ရှင်ကမ္ဘောဒီးယားအသင်းက ရွှေတံဆိပ်၊ မြန်မာအသင်းက ငွေတံဆိပ်၊     အင်ဒိုနီးရှားအသင်းက ကြေးတံဆိပ်ရရှိသည်။

ဆီးဂိမ်းရိုးရာလှေပြိုင်ပွဲတွင်  ပြိုင်ပွဲအမျိုးအစား ၁၃ မျိုး ထည့်သွင်းကျင်းပပြီး  အိမ်ရှင်နိုင်ငံမှလွဲ၍  ကျန်ပြိုင်ပွဲဝင်နိုင်ငံများမှာ ပြိုင်ပွဲအမျိုးအစားရှစ်မျိုးတွင်သာ   ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်း ဖြစ်သည်။

မြန်မာရိုးရာလှေအဖွဲ့သည် ဝင်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲအမျိုးအစား ရှစ်မျိုးစလုံး တွင် ဆုတံဆိပ်မလွတ်တမ်း ရယူနိုင်ခဲ့ပြီး နိုင်ငံအလိုက်ဆုရရှိမှုတွင် အဆင့် ၅ နေရာ ရပ်တည်ခဲ့သည်။

မြန်မာရိုးရာလှေအဖွဲ့အတွက် ရွှေတံဆိပ်ဆုကို မီတာ ၂၅၀ အမျိုးသား ယူ-၂၄ ငါးတက်လှော်ပြိုင်ပွဲ၊ ငွေတံဆိပ်ဆုများကို မီတာ ၂၅၀ ယူ-၂၄ အမျိုးသား+အမျိုးသမီး  ၁၂ တက်လှော်ပြိုင်ပွဲ၊  မီတာ ၅၀၀ ယူ-၂၄ အမျိုးသား+အမျိုးသမီး  ၁၂ တက်လှော်ပြိုင်ပွဲ၊ မီတာ ၈၀၀ အမျိုးသားအလွတ်တန်း ၁၂ တက်လှော်ပြိုင်ပွဲ၊ မီတာ  ၈၀၀ ယူ-၂၄ အမျိုးသား ၁၂ တက်လှော်ပြိုင်ပွဲ၊ မီတာ ၈၀၀ ယူ-၂၄ အမျိုးသားငါးတက်လှော်ပြိုင်ပွဲ၊ ကြေးတံဆိပ်ဆုများကို မီတာ ၅၀၀ ယူ-၂၄  အမျိုးသား ၁၂ တက်လှော်ပြိုင်ပွဲနှင့် မီတာ ၅၀၀ အမျိုးသားအလွတ်တန်း ၁၂ တက်လှော်ပြိုင်ပွဲတို့တွင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။   

     ကိုညီလေး