(၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပ

 (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပ

ဖနွမ်းပင်  မေ  ၁၇

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ  ဖနွမ်းပင်မြို့ရှိ  Morodok  Techo National Stadium  တွင် ခမ်းနားစွာ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ     ပိတ်ပွဲအခမ်းအနား ပထမပိုင်း အစီအစဉ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ အနုပညာရှင်များက ရိုးရာတေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ပြီးနောက် ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစား အဖွဲ့ဝင်များက ကွင်းအတွင်း နေရာယူခဲ့ကြပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ အိုလံပစ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြိုင်ပွဲကိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့် ပတ်သက်ပြီး  ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက်  ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီး ဟွန်ဆန်က အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် သက်ဆိုင်ရာပြိုင်ပွဲဝင် နိုင်ငံအစိုးရ အဖွဲ့များမှ တာဝန်ရှိသူများက ပြိုင်ပွဲအလံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအတွက် ကွင်းအတွင်း နေရာယူခဲ့ပြီးနောက် ဆီးဂိမ်းပြိုင်ပွဲ အထိမ်းအမှတ်အလံကို ကမ္ဘောဒီးယားနိုင်ငံမှ တာဝန်ရှိသူတစ်ဦးက ထိုင်းနိုင်ငံမှ တာဝန်ရှိသူတစ်ဦးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက်  (၃၃)ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်းပြိုင်ပွဲ)ကို   အိမ်ရှင်အဖြစ်  လက်ခံကျင်းပမည့် ထိုင်းနိုင်ငံက   ဆီးဂိမ်းပြိုင်ပွဲအလံ လက်ခံ လွှဲပြောင်းရယူသည့်  အထိမ်းအမှတ်အဖြစ် ထိုင်းရိုးရာ တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီးနောက် လက်ရှိအိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံမှ အနုပညာရှင်များက တေးသီချင်းဖြင့် ဖျော်ဖြေခဲ့ပြီးနောက် ပိတ်ပွဲအထိမ်းအမှတ် မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့ပြီးနောက်  အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း) ပြိုင်ပွဲကို မေ ၃ ရက်မှစတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို မေ ၆ ရက်က ကျင်းပခဲ့ကာ ပြိုင်ပွဲတွင် အားကစားနည်း ၅၈၄ နည်းဖြင့် စုစုပေါင်းပြိုင်ပွဲဝင် အားကစားသမား ဦးရေ ၆၂၁၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း) ပြိုင်ပွဲပြီးဆုံးချိန်တွင် ဗီယက်နမ်နိုင်ငံက ရွှေ ၁၃၆ ခု၊ ငွေ ၁၀၅ ခုနှင့် ကြေး ၁၁၄ ခုဖြင့် စုစုပေါင်း ၃၅၅ ခု ဖြင့်  ထိပ်ဆုံးတွင်ရပ်တည်ခဲ့ပြီး ထိုင်းနိုင်ငံက ရွှေ ၁၀၈ ခု၊ ငွေ  ၉၆ ခု၊ ကြေးတံဆိပ် ၁၀၈ ခု စုစုပေါင်း ၃၁၂ ခုဖြင့် အဆင့်(၂)၊ အင်ဒိုနီးရှားနိုင်ငံက ရွှေ  ၈၇ ခု၊ ငွေ  ၈၀ ခု၊ ကြေး ၁၀၉ ခု စုစုပေါင်း ၂၇၆ ခုဖြင့် အဆင့်(၃)၊ အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံက  ရွှေ ၈၁ ခု၊ ငွေ ၇၄ ခု၊ ကြေး ၁၂၇ ခု စုစုပေါင်း ၂၈၂ ခုဖြင့် အဆင့်(၄)၊ ဖိလစ်ပိုင်နိုင်ငံက ရွှေ ၅၈ ခု၊ ငွေ  ၈၆ ခု၊ ကြေး ၁၁၆ ခု စုစုပေါင်း  ၂၆၀ ဖြင့် အဆင့်(၅)၊ စင်ကာပူနိုင်ငံက ရွှေ  ၅၁ ခု၊ ငွေ  ၄၂ ခု၊ ကြေး ၆၄ ခု စုစုပေါင်း ၁၅၇ ခုဖြင့် အဆင့်(၆)၊ မလေးရှားနိုင်ငံက ရွှေ ၃၄ ခု၊ ငွေ ၄၅ ခု၊ ကြေး ၉၇ ခု စုစုပေါင်း ၁၇၆ ခုဖြင့် အဆင့်(၇)၊ မြန်မာနိုင်ငံက ရွှေ  ၂၁ ခု၊ ငွေ ၂၅ ခု၊ ကြေး ၆၈ ခု စုစုပေါင်း ၁၁၄ ခုဖြင့် အဆင့်(၈)၊ လာအိုနိုင်ငံက ရွှေ ၆ ခု၊ ငွေ ၂၂ ခု၊ ကြေး ၆၀ ခု စုစုပေါင်း ၈၈ ခုဖြင့် အဆင့်(၉)၊ ဘရူနိုင်းနိုင်ငံက ရွှေ  ၂ ခု၊ ငွေ ၁ ခု၊ ကြေး ၆ ခု စုစုပေါင်းဆုတံဆိပ် ၉ ခုဖြင့် အဆင့်(၉)နှင့် တီမောလက်စ်တေနိုင်ငံက ငွေတံဆိပ်ရှစ်ခုဖြင့် အဆင့်(၁၀)နေရာတွင် အသီးသီး ရပ်တည်ခဲ့ကြကြောင်း သိရသည်။

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ပြိုင်ပွဲကို လာမည့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အပါအဝင် မြို့ကြီးများတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။