စံချိန်တင်တဲ့အပူချိန်အပြင် အပူလျှပ်မှုဖြစ်စဉ်များနဲ့ ရင်ဆိုင်လာရတဲ့ အရှေ့တောင်အာရှ

စံချိန်တင်တဲ့အပူချိန်အပြင် အပူလျှပ်မှုဖြစ်စဉ်များနဲ့ ရင်ဆိုင်လာရတဲ့ အရှေ့တောင်အာရှ

ဘင်္ဂလားပင်လယ်အော်အတွင်း စတင်ဖြစ်ပေါ်ပြီး အခုဆိုရင် မြန်မာနိုင်ငံအတွင်း ဝင်ရောက် တိုက်ခတ်သွားပြီဖြစ်တဲ့ အလွန့်အလွန်အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ကောင်းကျိုးအနေနဲ့ အပူဒဏ်လျော့ပါးသွားပေမယ့်  ဆိုးကျိုးအနေနဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

တစ်ဖက်မှာကျတော့ အရှေ့တောင်အာရှဒေသတချို့မှာ  မုန်တိုင်းကြောင့်  အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးမှု မရှိပေမယ့် အပူချိန်ကတော့ စံချိန်တင်လောက်အောင် မြင့်တက်လာနေပြီး အပူချိန် မြင့်တက်မှုနဲ့အတူ     အပူလျှပ်မှုဖြစ်စဉ်တွေလည်း အင်မတန်များပြားလာတာကို   တွေ့ရပါတယ်။

ဒီလိုဖြစ်ပေါ်မှုတွေဟာ အလွန်တရာဆိုးဝါးလှတဲ့ ရာသီဥတုပြောင်းလဲမှုများရဲ့ လက္ခဏာရပ်တွေထဲမှာ အပါအဝင်ဖြစ်လာပါပြီ။

ထိုင်းနိုင်ငံအတွက် မေလ ၁၅ ရက်မှာ ဖြစ်ပေါ်နေတဲ့ အပူချိန်ကို ကြည့်မယ်ဆိုရင် တက်ပြည်နယ်မှာ အပူချိန် ၄၄ ဒသမ ၆ ဒီဂရီစင်တီဂရိတ်ရှိနေတာကို တွေ့ရမှာပါ။

စင်ကာပူနိုင်ငံမှာဆိုရင်လည်း မေ ၁၃ ရက်မှာဖြစ်ပေါ်ခဲ့တဲ့အပူချိန်က နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံးအပူချိန်လို့ ပြောလို့ရတဲ့ ၃၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ဒီအပူချိန်ဟာ ယမန်နှစ်မေလအတွက် ပျမ်းမျှအပူချိန်ဖြစ်တဲ့  ၃၆ ဒသမ ၇ ဒီဂရီ စင်တီဂရိတ်ကို ကျော်လွန်လာတာဖြစ်ပြီး အခုလို   ပူနွေးခြောက်သွေ့တဲ့ရာသီဥတု အခြေအနေက ဆက်လက် တည်ရှိနေဦးမယ်လို့ အမျိုးသား သဘာဝပတ်ဝန်းကျင်ရေးရာဌာနက ထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံမှာတော့ အပူချိန်မြင့်တက်လား၊ မမြင့်တက်ဘူးလားဆိုတာမပြောခင် သူတို့ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ဖော်ပြချင်ပါတယ်။

အဲဒါကတော့   ပြီးခဲ့တဲ့သီတင်းပတ်အတွင်း သူတို့ဆီမှာ အပူလျှပ်ခြင်းကြောင့် ဆေးရုံရောက်လာသူ ၁၄ ဦးရှိတယ်ဆိုတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် သြဂုတ်လအထိကြာမြင့်နိုင်ဖွယ်ရှိတဲ့   အခုလိုပူပြင်းတဲ့ရာသီဥတုကြောင့် အပူလျှပ်သူ အရေအတွက်ကလည်း ဆက်လက်မြင့်တက်လာဦးမယ်လို့   မျှော်မှန်းထားပါတယ်။

လက်ရှိမှာတော့ အခြေအနေကို ထိန်းချုပ်ထားနိုင်ဆဲပါပဲ။ အပူလျှပ်တဲ့သူတွေကိုလည်း ကျန်းမာရေးဌာန အသီးသီးမှာ  ကုသပေးနိုင်ဆဲဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ်ရောက်ရှိလာနိုင်တဲ့  အပူလျှပ်သူများကိုလည်း လက်ခံကုသပေးနိုင်ဖို့ ဝန်ကြီးဌာနနဲ့ ဆေးရုံဆေးခန်းတွေက   အသင့်ပြင်ဆင်ထားပါတယ်လို့   ဒုတိယ ကျန်းမာရေးဝန်ကြီး လူကာနီစမန်ဝမ်ဆောင်နီက ပြောပါတယ်။

လတ်တလောအခြေအနေမှာတော့ မလေးရှားနိုင်ငံမှာအပူလျှပ်မှုကြောင့် သေဆုံးသူ တစ်ဦးပဲ ရှိပါသေးတယ်။ အဲဒီ တစ်ဦးကလည်း ကလေးငယ်ပါ။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနက  အပူဒဏ်သတိပေးနှိုးဆော်ချက်တွေ    ထုတ်ပြန်ဖို့အတွက် လုပ်ဆောင်နေပါတယ်။

၂၀၂၃ ခုနှစ်ဟာ   အန္တရာယ်အလွန်ကြီးမားတဲ့ အပူချိန်မြင့်မားမယ့် စံချိန်တင်နောက်ထပ်နှစ်တစ်နှစ် ဖြစ်လိမ့်မယ်လို့ သိပ္ပံ ပညာရှင်များက သတိပေးထားပါတယ်။

ဒီလိုသတိပေးချက်နဲ့အတူပဲ   လေထုအတွင်းကို    ဖန်လုံအိမ်ဓာတ်ငွေ့များထုတ်လွှတ်မှုကြောင့် အလွန်ဆိုးဝါးတဲ့ရာသီ ဥတုပုံစံဖြစ်ပေါ်လာပြီးနောက်မှာ ဧပြီလက စတင်ပေါ်ပေါက်ခဲ့တဲ့ အပူလှိုင်းတွေဟာ ဒေသတစ်ဝန်းမှာ   ဆက်လက်ဖြစ်ပေါ် တည်ရှိလျက်ရှိပါတယ်။ ဒီအတွက်ကြောင့် အာရှဒေသတစ်ခုလုံးမှာ အပူလှိုင်းဒဏ်တွေကို ရင်ဆိုင်ခံစားလာရတာပါ။

ဗီယက်နမ်နိုင်ငံဆိုရင် ယခုလအစောပိုင်းမှာ သူတို့ရဲ့အပူချိန်က ၄၄ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ရှိကြောင်းနဲ့ ဒီပမာဏဟာ သမိုင်းတစ်လျှောက်    အမြင့်ဆုံးသော အပူချိန်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

အလားတူပဲ ဖိလစ်ပိုင်နိုင်ငံဆိုရင်လည်း အပူညွှန်းကိန်းက အန္တရာယ်ကြီးမားတဲ့ နယ်ပယ်ထဲကို   ရောက်လာတာကြောင့် စာသင်ကျောင်းတွေကိုတောင်မှ ပိတ်ခိုင်းရတဲ့အထိ ဖြစ်လာတာပါ။

အခုလိုမျိုး အပူချိန်မြင့်တက်မှုနဲ့ စိုက်ပျိုးရေးလုပ်ငန်းတို့ကြား ပတ်သက်မှုကို ပြောရမယ်ဆိုရင်   ကမ္ဘာပေါ်မှာရှိသမျှသော ဆီအုန်းပင်တွေ အားလုံးနီးပါးကို အရှေ့တောင်အာရှဒေသမှာသာ စိုက်ကြတာဖြစ်တဲ့အတွက် အပူချိန်မြင့်တက်မှုက   ဆီအုန်းစိုက်ပျိုးသူတွေကို မျက်ခုံးလှုပ်စေပါတယ်။

နောက်တစ်ခုက အယ်နီညိုရာသီဥတုဖြစ်စဉ်ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားပါ။

အဲဒီဖြစ်စဉ်က ဒီနှစ်အကုန်ပိုင်းမှာ ဖြစ်ပေါ်ဖို့ရှိနေပါတယ်။

အယ်နီညိုကြောင့် မိုးခေါင်ရေရှားမှုတွေ ဖြစ်လာနိုင်ပြီး   စိုက်ပျိုးသီးနှံတွေလည်း ပျက်စီးလာနိုင်တဲ့အတွက် စားသောက်ကုန်ဈေးနှုန်းတွေ  မြင့်တက်လာနိုင်တယ်လို့ ထိုင်းကုန်သွယ်ရေး၊ စက်မှုလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပူးတွဲအမြဲတမ်းကော်မတီက သတိပေးထားပါတယ်။

ဒါကြောင့် ရာသီဥတုပြောင်းလဲလာမှု၊ အယ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေများ တည်ရှိနေမှုတို့ကြောင့် အပူလှိုင်းများကလည်း တစ်စထက်တစ်စ ပိုမိုပြင်းထန်လာနိုင်သလို အဖျက်စွမ်းအား ကြီးမားပြီး အလွန်အားကောင်းတဲ့ မုန်တိုင်းများကလည်း မကြာခဏဆိုသလို ဖြစ်ပေါ်လာနိုင်တဲ့အတွက် အားလုံးပဲသတိကြီးကြီးထားပြီး ဆောင်ရွက်မှသာ အန္တရာယ်မှန်သမျှကို ဖြတ်ကျော်နိုင်မှာ ဖြစ်ပါတော့တယ်။

Ref: Bangkok Post