နေပြည်တော် မေ ၁၇
မြန်မာ့သမိုင်းစဉ်နှင့်ပတ်သက်၍ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း သုတေသနရှာဖွေတွေ့ရှိမှုနှင့် မြန်မာ့ ကျောက်ခေတ် သုတေသနအထောက်အထားအချက်အလက်များ ဆွေးနွေးပွဲကျင်းပ
မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုနိုင်ရန်အတွက် ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းသုတေသန ရှာဖွေတွေ့ရှိမှုနှင့်မြန်မာ့ ကျောက်ခေတ် သုတေသန အထောက်အထား အချက်အလက်များ ဆွေးနွေးပွဲကိုယနေ့ နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ပြုလုပ်သည်။
ဆွေးနွေးပွဲသို့ မြန်မာသမိုင်းအဖွဲ့ ဥက္ကဋ္ဌသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာသမိုင်းအဖွဲ့မှ ပညာရှင်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနမှ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ ရှေးဟောင်းသုတေသနဆိုင်ရာ ပညာရှင်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် လက်တွေ့ ကွင်းဆင်း တူးဖော်မှုဆောင်ရွက်နေကြသော အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်းစဉ် အတွက် အလွန်အရေးကြီးသော ဆွေးနွေးပွဲဖြစ်သည်နှင့်အညီ ယနေ့ သမိုင်းစဉ်ဆွေးနွေးပွဲမှ အသစ် တွေ့ရှိမှု အချက်အလက် အထောက်အထားများကို ပေါင်းစပ်ဖြည့်စွက်၍ ကွင်းဆင်းလေ့လာ တူးဖော်သုတေသနပြုတွေ့ရှိမှုမှ ခိုင်မာသော အထောက်အထားများဖြင့် ပိုမိုပြည့်စုံမှန်ကန်သည့် မြန်မာနိုင်ငံ၏ လူတူပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းဆိုင်ရာ သမိုင်းကြောင်းကို အတည်ပြုနိုင်မည်ဟု ယုံကြည်ကြောင်း၊ ကျောက်ခေတ် သုတေသနပြုလုပ်နေသည့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ ကွင်းဆင်း လေ့လာတွေ့ရှိချက်များ၊ သုတေသနပြုတွေ့ရှိချက်များ၊ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်သုတေသနပြု တွေ့ရှိချက်များ၊ ခေတ်မီသိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများကို ပေါင်းစပ် ဖြည့်စွက်၍ ခိုင်မာသော သမိုင်းစဉ်ရရှိနိုင်ရေးအတွက် မူကြမ်းပြုစုပြီးဖြစ်ကြောင်း။
ကျောက်ခေတ်ဆိုင်ရာ သမိုင်းစဉ်တွင် ယခင်က မတွေ့ရှိခဲ့ရသေးသော ကျောက်ခေတ် လယ်ထွန်းကား ခဲ့သည့် အထောက်အထားအသစ်တွေ့ရှိချက်များ၊ သိပ္ပံနည်းကျသက်တမ်းတွက်ချက်မှု ရလဒ်များကြောင့် အချို့သော သမိုင်းစဉ်ခေတ်ကာလများမှာ များစွာပီပြင်ပုံပေါ်လာပြီဖြစ်၍ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ဖြစ်စဉ် ကွင်းဆက်ပြောင်းလဲလာမှုများကို ပြည်သူများသိရှိစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလားတူ ကျောက်ခေတ်လယ်ဆိုင်ရာ အသစ်တွေ့ရှိချက်များကို နိုင်ငံတကာစာတမ်းဖတ်ပွဲပြုလုပ်၍ နိုင်ငံတကာပညာရှင်များ သိရှိလက်ခံအောင် ဆောင်ရွက်သွားရန် ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာနမှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်က မြန်မာ့မြေလွှာ ဖြစ်တည်မှု အကြောင်းကိုလည်းကောင်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ချစ်စိန်က ပုံတောင်ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေတွေ့ရှိမှု သမိုင်းကိုလည်းကောင်း၊ ဗန်းမော် တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်က ဧရာဝတီပရိုင်းမိတ်ရှာဖွေတွေ့ရှိမှုနှင့် အထောက်အထားများအကြောင်းကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ပြင်ဆင်ဖြည့်စွက်လိုသည်များကို ဆွေးနွေးပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းလွင်က ဆွေးနွေးချက်များအပေါ် သုံးသပ်တင်ပြသည်။
မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်ခေတ်ဆိုင်ရာ သုတေသနအထောက်အထား အချက်အလက် ဆွေးနွေးပွဲ ကို ဆက်လက်ပြုလုပ်ရာ ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း(ပြည်)မှ ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်က မြန်မာ့ကျောက်ခေတ်အကြောင်းကို တင်ပြဆွေးနွေးပြီး ယခင်မတွေ့ရှိရသေးသော ကျောက်ခေတ် လယ်ယဉ်ကျေးမှုကိုဖော်ထုတ်နိုင်ခဲ့ပြီး ကျောက်ခေတ်ကို ပြည့်စုံစွာ မြန်မာ့မြေပေါ်တွင် တစ်ဆက်တစ်စပ်တည်း ပေါ်ပေါက်ခဲ့ကြောင်း ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများက ပြင်ဆင် ဖြည့်စွက်လိုသည်များ ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်က အထွေထွေဆွေးနွေးချက်များအပေါ် သုံးသပ်ဆွေးနွေးတင်ပြခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)