၂၀၂၃ ခုနှစ် ကမ္ဘာ့သွေးတိုးရောဂါနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော်  မေ  ၁၇

၂၀၂၃ ခုနှစ် ကမ္ဘာ့သွေးတိုးရောဂါနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် “ကမ္ဘာ့သွေးတိုးရောဂါနေ့” အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင်  နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ၂၀၂၃ ခုနှစ် “ကမ္ဘာ့သွေးတိုးရောဂါနေ့” အထိမ်းအမှတ် ဆောင်ပုဒ်မှာ  "Measure Your Blood Pressure Accurately, Control It, Live Longer" “သက်ရှည်ကျန်းမာနေနိုင်ဖို့၊ စနစ်တကျ သွေးပေါင်တိုင်းကာ ထိန်းညှိစို့” ဖြစ်ကြောင်း၊ ဆောင်ပုဒ်၏ ဦးတည်ချက်သည် ပြည်သူလူထုအတွင်း သွေးတိုးရောဂါနှင့်ပတ်သက်၍ အသိပညာမြှင့်တင်ရန်၊ သွေးပေါင်ချိန်ကို စနစ်တကျနည်းလမ်းမှန်စွာ တိုင်းတာတတ်စေရန်နှင့် ထိရောက်သော ကုသမှုများ ရယူတတ်စေရန် ဖြစ်ကြောင်း။

၂၀၂၃ ခုနှစ် မတ်လတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားသည့် အချက်အလက်များအရ    ယနေ့ ကမ္ဘာတစ်ဝန်း၌  အသက် ၃၀ နှင့် ၇၉ နှစ်အကြား အသက်အုပ်စုတွင်  သွေးတိုးရောဂါရှိသူ ၁ ဒသမ ၂၈ ဘီလီယံခန့်ရှိသည်ကိုသိရကြောင်း၊ အဆိုပါလူဦးရေ၏ ၄၆ ရာခိုင်နှုန်းသည် မိမိတို့တွင် သွေးတိုး ရောဂါရှိမှန်း သတိမပြုမိသည့် အခြေအနေတွင်ရှိနေကြောင်း။

မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ ပန်းတိုင် တစ်ခုသည် သွေးတိုးရောဂါအပါအဝင်  မကူးစက်နိုင်သောရောဂါဖြစ်ပွားသေဆုံးမှုကို ၂၀၁၀ ပြည့်နှစ်မှ ၂၀၃၀ ပြည့် နှစ်အတွင်း ၃၃ ရာခိုင်နှုန်း လျှော့ချရန်ဖြစ်ကြောင်း၊ အဆိုပါပန်းတိုင်ကိုပြည့်မီစေရန် သွေးတိုးရောဂါ စစ်ဆေးပေးခြင်း၊ အချိန်နှင့်တစ်ပြေးညီထိရောက်သော ကုသမှုပေးခြင်းသည် လွန်စွာ အရေးကြီးသော အခန်းကဏ္ဍများဖြစ်သကဲ့သို့ ပြည်သူလူထုအကြား သွေးတိုးရောဂါအန္တရာယ်နှင့် နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးများဆိုင်ရာ အသိပညာမြှင့်တင်ခြင်းလုပ်ငန်းသည် အရေးကြီးသော လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၂၃ ခုနှစ် ကမ္ဘာ့သွေးတိုးရောဂါနေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုနှင့် နေအိမ်၌ စနစ်တကျ သွေးပေါင်ချိန်တိုင်းတာခြင်း သရုပ်ပြဗီဒီယိုကိုပြသပြီး မြန်မာနိုင်ငံ သွေးတိုးရောဂါအဖွဲ့ အထွေထွေ အတွင်းရေးမှူး ပါမောက္ခ ဒေါက်တာရဲမြင့်က “သွေးတိုးရောဂါအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ကျန်းမာရေး ပညာပေးဟောပြောသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ် အခမ်းအနားပြခန်းကို ကြည့်ရှုသည်။

အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှ ဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ သွေးတိုးရောဂါအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့်ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ဌာနမှူးများ၊ အစိုးရမဟုတ်သော မိတ်ဖက်အဖွဲ့အစည်းများမှ  ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။         

(သတင်းစဉ်)