ချင်းပြည်နယ်၊ မတူပီမြို့နယ်နှင့် လိုင်လင်းပီမြို့တို့ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ချင်းပြည်နယ်၊ မတူပီမြို့နယ်နှင့် လိုင်လင်းပီမြို့တို့ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

နေပြည်တော်၊ မေ - ၁၈

            ချင်းပြည်နယ်အတွင်းရှိ မတူပီမြို့နယ်နှင့် လိုင်လင်းပီမြို့တို့တွင် လေပြင်း တိုက်ခတ်မှုကြောင့် လူနေအဆောက်အဦအချို့ ပျက်စီးဆုံးရှုံးခဲ့သည့် လေဘေးသင့် ပြည်သူများကို တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နေ့လယ်ပိုင်း တွင် ချင်းပြည်နယ်၊ မတူပီမြို့ ၅၀၀ ဆံ့ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး တေဇကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ မတူပီမြို့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

            ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် က အားပေးစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် နှင့် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက် တို့က လေဘေးသင့်အိမ်ထောင်စု စုစုပေါင်း ၁၇၀ စုတို့အား စားသောက်ဖွယ်ရာများ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ပြန်လည်ထူထောင် ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး လေဘေးသင့်ပြည်သူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။