သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ

သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ မေ - ၁၈

            အလွန့် အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) ဝင်ရောက်ခဲ့မှုကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လိုအပ် သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက် အား တိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

            အဆိုပါ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့ကို ဆိုင်ကလုန်း မုန်တိုင်း “မိုခါ”(MOCHA) မဝင်ရောက်မီကတည်းကပင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် ကြိုတင်စုဖွဲ့ခဲ့ခြင်းဖြစ်ပြီး မုန်တိုင်းဦးတည်ဝင်ရောက်နိုင်သော ဒေသ များနှင့် ဆက်စပ်နေသောဒေသများသို့ လျင်မြန်စွာ သွားရောက်နိုင်ရေး ဂွ၊ အမ်း၊ ကျောက်တော်၊ ပုသိမ်၊ ပြည်၊ မကွေး စသောဒေသများသို့ ယာဉ်အုပ်စု ၁ စုတွင် တပ်မတော်မှအရာရှိကြီး ၁ ဦး လိုက်ပါ၍ ယာဉ်အုပ်စု ၁၀ စုကို မေ ၉ ရက်တွင် စတင် စုဖွဲ့ခဲ့ပြီး မေ ၁၄ ရက်တွင် ရန်ကုန် စုရပ်မှ စတင်ထွက်ခွာကြသည်။

            ယင်း သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးယာဉ်အုပ်စုများအနက် ၁ နာရီလျှင် သောက်ရေ ဂါလန် ၄၀၀ သန့်စင်ပေးနိုင် သည့် ရေသန့်စင်ယာဉ် အပါအဝင် ယာဉ် ၁၈ စီးပါဝင်သည့် ယာဉ်အုပ်စု ၁ သည် စစ်တွေမြို့တွင် အခြေပြု၍ မေ ၁၇ ရက်နှင့် ယနေ့တို့တွင် ရန်ကုန်-စစ်တွေ ကားလမ်းတစ်လျှောက် သဘာဝဘေးဒဏ် ကြောင့် ကျိုးကျ၍ လမ်းပန်းဆက်သွယ်မှုများ ပိတ်ဆို့လျက်ရှိသည့် သစ်ပင်၊ သစ်ကိုင်း များအား ရှင်းလင်းဖယ်ရှားပေးခြင်း၊ စစ်တွေမြို့တွင်းရှိ ဦးဥတ္တမခန်းမ ၌ သဘာဝ ဘေးကြောင့် ပျက်စီးခဲ့သည်များအား သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ပြန်လည်ပြုပြင် ရေး လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီခြင်း၊ စစ်တွေမြို့ကျက်သရေဆောင် လောကာနန္ဒာ ဘုရားကြီး အတွင်းအပြင် သန့်ရှင်းသာယာရေးဆောင်ရွက်ခြင်း၊ ရေသန့်ယာဉ်၊ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော နေရာများသို့ ရေပေးဝေခြင်း၊ မိုးကာတဲများနှင့် တာပေါ်လင်များ ဖြန့်ဝေပေးခြင်းတို့ကို နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကူညီ ဆောင်ရွက် လျက်ရှိပြီး ယာဉ် အုပ်စုတွင်ပါဝင်သည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကလည်း စစ်တွေမြို့ ပေါ်၌ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက် ပေးသည်။ ထို့သို့ ဆောင်ရွက်ပေးနေမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။                                

            ကျောက်ဖြူမြို့တွင် အခြေပြုလျက်ရှိသည့် ရေသန့်စင်ယာဉ် အပါအဝင် ယာဉ် ၁၂ စီးပါဝင်သည့် ယာဉ်အုပ်စု ၆ မှ ကူညီ ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့်လည်း မေ ၁၇ နှင့် ယနေ့တို့တွင် ကျောက်ဖြူမြို့နှင့် ပတ်ဝန်းကျင် တစ်ဝိုက်တို့၌ သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည်များကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အများပြည်သူများ ပုံမှန်အတိုင်း သွားလာအသုံးပြုနိုင်ရေးအတွက် သစ်ပင်၊ သစ်ကိုင်းများ ရှင်းလင်း ပေး ခြင်း၊ သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ လိုက်လံဖြန့်ဝေခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်အုပ်စုတွင် ပါဝင်သည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကလည်း ကျောက်ဖြူမြို့ပေါ်၌ လိုအပ်သည့် ဆေးကုသပေးမှုများကို ဆောင်ရွက်ပေးသည်။

            ပုဏ္ဏားကျွန်းမြို့သို့ မေ ၁၇ ရက်တွင် ရောက်ရှိအခြေပြုလျက်ရှိသည့် ရေသန့်စင် ယာဉ် အပါအဝင် ယာဉ် ၁၂ စီးပါဝင်သည့် ယာဉ်အုပ်စု ၈ မှ ကူညီ ကယ်ဆယ် ရေးအဖွဲ့များသည် ယနေ့တွင် ပုဏ္ဏားကျွန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့မှုများအား ဝိုင်းဝန်းရှင်းလင်း ဆောင်ရွက်ပေးခြင်း၊ ပုဏ္ဏားကျွန်းမြို့ပေါ်၌ လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိသည်။ 

            ထို့ပြင် ကျောက်တော်နှင့် မြောက်ဦးမြို့သို့ ရောက်ရှိနေသည့် ကူညီ ကယ်ဆယ် ရေးအဖွဲ့များသည်လည်း ယနေ့တွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

            ကျန်ရှိသည့်  သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးယာဉ်အုပ်စုများ အနေ ဖြင့် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့တို့၌ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးအတွက် လမ်းကြောင်းတစ်လျှောက် သစ်ပင်သစ်ကိုင်း ပိတ်ဆို့လဲကျနေမှုများအား ဖယ်ရှား ရှင်းလင်းခြင်း၊ မြေပြိုပိတ်ဆို့မှုများအား ရှင်းလင်းခြင်းတို့ကို ပြုလုပ်၍ အမြန်ဆုံး ရောက်ရှိနိုင်ရေး ဆက်လက်ချီတက်လျက်ရှိကြောင်း သိရှိရသည်။          

            ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များ ဖြင့် ဖွဲ့စည်းထားသည့် အထူးဆေးကုသရေးအဖွဲ့သည် မေ ၁၆ ရက်တွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့ပြီး စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်၌ ယာယီဆေးရုံ ဖွင့်လှစ်၍ နယ်မြေခံ ကျန်းမာရေးများနှင့် ပူးပေါင်း၍ ဆေးကုသမှုပေးရန် လိုအပ်သော သဘာဝဘေး ဒဏ် သင့်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများကို ဆက်လက် ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။