နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အဖွဲ့ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်း၌ ရန်ကုန်မြို့မှ ထောက်ပံ့ရေးပစ္စည်းများနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများ တင်ဆောင်လာသည့် စစ်ရေယာဉ်မု

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အဖွဲ့  စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်း၌ ရန်ကုန်မြို့မှ ထောက်ပံ့ရေးပစ္စည်းများနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများ တင်ဆောင်လာသည့် စစ်ရေယာဉ်မုတ္တမကို သွားရောက်ကြည့်ရှုပြီး ကယ်ဆယ်ရေး ပစ္စည်းများအား ပို့ဆောင်ရမည့်ဒေသများသို့ အမြန်ဆုံး ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်

စစ်တွေ  မေ  ၁၈

    ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ဘက်စုံသုံး ဆိပ်ကမ်း၌ ရန်ကုန်မြို့မှ ထောက်ပံ့ရေးပစ္စည်းများနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများ တင်ဆောင်လာသည့် စစ်ရေယာဉ်မုတ္တမကို သွားရောက်ကြည့်ရှုပြီး ကယ်ဆယ်ရေးပစ္စည်းများအား ပို့ဆောင်ရမည့် ဒေသများသို့အမြန်ဆုံး ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်သည်။

အဆိုပါ စစ်ရေယာဉ်မုတ္တမဖြင့် ဆန်၊ စားအုန်းဆီနှင့် စားသောက်ကုန်များ၊ သောက်ရေသန့်များ၊ မိသားစုသုံးပစ္စည်းများ ပါဝင်သည့် Family Kits များ၊ ဆက်သွယ်ရေး တာဝါတိုင်နှင့် ဆက်စပ်ပစ္စည်းများ၊ ၅၀၀ ကေဗွီအေ မီးစက်ကြီးနှစ်လုံး၊ ရေသန့်စင်စက်တင်ယာဉ်နှစ်စီး၊ တာပေါ်လင်များ၊ သွပ်ပြားများနှင့် အိမ်ဆောက်ပစ္စည်းများ၊ လက်ကိုင်လွှစက်၂၀ စုံ၊ ရွေ့လျားမိုဘိုင်း ဆက်သွယ်ရေးယာဉ် နှစ်စီးနှင့်  စက်သုံးဆီတို့ပါဝင်၍ တန်ချိန် ၉၃၀ တင်ဆောင်လာခဲ့ကြောင်း  သိရပြီး သက်ဆိုင်ရာ နေရာများသို့ အမြန်ပေးပို့၍ ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်သည်။

အဆိုပါစစ်ရေယာဉ်ဖြင့် လျှပ်စစ်ဝန်ထမ်း ၁၀၄ ဦး ပါရှိလာသည့်အပြင် လျှပ်စစ်မီး ပြန်လည်ရရှိရေး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက အခြားဒေသများမှ လျှပ်စစ်ဝန်ထမ်း ၄၀၀ ကျော်ကို ရခိုင်ပြည်နယ်သို့ အင်အားဖြည့်တင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့သည် စစ်တွေမြို့  ဦးဥတ္တမပန်းခြံ အတွင်း မုန်တိုင်းဒဏ်ကြောင့် လဲပြိုခဲ့သည့် သစ်ပင်ကြီးများအား တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

ယင်းနောက်ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် အမြန်ရေယာဉ်ဆိပ်ကမ်းသို့ရောက်ရှိပြီး လက်ကိုင်လွှစက်များ၊ သန့်ရှင်းရေး ဆောင်ရွက်မည့်ပစ္စည်းများ၊ တာပေါ်လင်စများ တင်ဆောင်၍ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပေါက်တောမြို့နယ်အတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်ရန်သွားရောက်ကြမည့် ဧရာဝတီတိုင်းဒေသကြီးမှ မီးသတ်တပ်ဖွဲ့ဝင် ၁၁၆ ဦးနှင့် ရသေ့တောင်မြို့နယ်သို့ သွားရောက်မည့် ပဲခူးတိုင်းဒေသကြီးမှ မီးသတ်တပ်ခွဲတစ်ခွဲတို့ကို  မုန်တိုင်းကြောင့် ပျက်စီးခဲ့မှုများအား စနစ်တကျ ရှင်းလင်းဆောင်ရွက်နိုင်ရေး မှာကြားကာ အားပေးစကား ပြောကြားသည်။

ထို့နောက်ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း  ရန်ကုန်တိုင်းဒေသကြီးမှ ရောက်ရှိနေသော မီးသတ်တပ်ဖွဲ့ဝင်များက စက်၊ ယာဉ်ယန္တရားများဖြင့်   ရှင်းလင်း ဆောင်ရွက်နေခြင်းများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့သည် စစ်တွေလေဆိပ်သို့ သွားရောက်ကာ တပ်မတော်လေယာဉ်များဖြင့် ရောက်ရှိလာနေသည့် ရိက္ခာများနှင့် ကယ်ဆယ်ရေးပစ္စည်းများအား သယ်ယူဆောင်ရွက်နေခြင်းကို ကြည့်ရှုအားပေးပြီး လေဆိပ်အဆောက်အအုံများ သန့်ရှင်းရေးနှင့်   ပြန်လည်ပြုပြင်ရေး အမြန်ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။

ဒေသခံပြည်သူများ  ခရီးသွားလာရေး အဆင်ပြေစေရန် ယနေ့နံနက်ပိုင်းမှစတင်ကာ ခရီးသည်တင်လေယာဉ် ခရီးစဉ်များ ပုံမှန်ပြန်လည် ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိသည်။

 ထို့နောက် မြို့တွင်းလမ်းမကြီးများပေါ်တွင် မုန်တိုင်းဒဏ်ကြောင့် လဲပြိုကျနေသော သစ်ပင်များအား ပိုင်းဖြတ်ဆောင်ရွက်နေခြင်း၊ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်း၊ လျှပ်စစ်မီးတိုင်များနှင့်  မီးကြိုးများအား ပြန်လည်ပြုပြင်ခြင်းတို့ကို  သက်ဆိုင်ရာ ဝန်ထမ်းများက   ဆောင်ရွက်နေခြင်းကို လှည့်လည်ကြည့်ရှုပြီး လုပ်ကိုင်ဆောင်ရွက် နေသူများကို အားပေးစကား ပြောကြားကြသည်။

ဆက်လက်၍ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့သည် စစ်တွေမြို့ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးသို့ သွားရောက်ပြီး မုန်တိုင်းကြောင့် ပျက်စီးသွားသော ဆေးကုသဆောင်များ၏ အမိုးများအား ပြန်လည် မိုးကာနေမှု၊ ရေသန့်ရရှိအောင် ဆောင်ရွက်ပြီး ရေချိုနှင့် ဆေးရုံအတွင်း ပြုပြင်ရန် လိုအပ်ချက်များကို ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး စနစ်တကျနှင့် အမြန်ပြီးစီးရေး ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ စစ်တွေမြို့ ကမ်းနားလမ်းတစ်လျှောက် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော လမ်းများနှင့် စစ်တွေပွိုင့်ကမ်းခြေ ပတ်လမ်းပျက်စီးနေမှုတို့ကို လှည့်လည်ကြည့်ရှုကာ အမြန်ပြုပြင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့သည်   ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ပြည်နယ်အဆင့်  ဌာနဆိုင်ရာများအား တွေ့ဆုံ၍   မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆက်လက်ဆောင်ရွက်မည့်အစည်းအဝေးသို့ တက်ရောက်သည်။

 အစည်းအဝေးတွင်  ဗိုလ်ချုပ်ကြီး တင်အောင်စန်းက  မိမိတို့အဖွဲ့သည် မုန်တိုင်းဝင်ရောက် တိုက်ခတ်ပြီးနောက်နေ့ မေ ၁၅ ရက်မှစတင်၍  ရောက်ရှိကာ မုန်တိုင်းသင့်ဒေသများအား   လှည့်လည်ကြည့်ရှု စစ်ဆေးပြီး စားရေရိက္ခာများ၊ ဆေးဝါးများ၊ ကျန်းမာရေး ပစ္စည်းများ၊ အမိုးအကာနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများ အမြန်ရောက်ရှိရေးနှင့် သက်ဆိုင်ရာဒေသများသို့ အမြန်ပို့ဆောင်ရေး ဆောင်ရွက်ပေးနေမှုများ၊ မုန်တိုင်းဒဏ်ကြောင့်  ပျက်စီးမှုများအား ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် ဆောင်ရွက်နေမှုများ၊ အများပြည်သူနှင့် သက်ဆိုင်သော ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း စသည်တို့ကို ဦးစားပေး ဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံခဲ့ရသော မြို့ရွာများ   ပြန်လည်ထူထောင်ရေးကို နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုသို့ဆောင်ရွက်နေမှုများကိုလည်း ဒေသခံဝန်ထမ်းများနှင့် ပြည်သူများက ပူးပေါင်းပါဝင်ကြမှသာ လုပ်ငန်းမြန်ဆန်ထိရောက် အောင်မြင်မည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာများ အနေဖြင့်လည်း လုပ်ငန်းများပိုမိုသွက်လက်မြန်ဆန်စေရန်   ဝန်ထမ်းများ အင်အားဖြည့်တင်းပြီး ဆောင်ရွက်ရန်လိုမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့က စစ်တွေမြို့အပါအဝင် မုန်တိုင်းဒဏ်ခံခဲ့ရသော   မြို့ရွာများတွင် လမ်းမများ၊ ဆက်သွယ်ရေး လမ်းကြောင်းများကို ပထမဦးစားပေး အနေဖြင့် ဆောင်ရွက်လျက်ရှိပြီး ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ၊ ဒေသခံပြည်သူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဗိုလ်ချုပ်ကြီးတင်အောင်စန်းတို့က လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး  လုပ်ငန်းအောင်မြင်ရေး အတွက်   ညှိနှိုင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။