မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်အမှတ် (၇/ ၂၀၂၃)

၁။   အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းဆိုင်ရာ အခြေခံမူ ဖြစ်သော ပါရီအခြေခံမူ (Paris Principle) အရ  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကို “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးများကို ပိုမို၍ ကာကွယ်စောင့်ရှောက်နိုင်ရန်၊ လူ့အခွင့်အရေးကို လေးစားကာကွယ်သည့် လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာစေရန်နှင့် လူ့အခွင့်အရေးများကို ထိရောက်စွာမြှင့်တင် ကာကွယ်နိုင်ရန်” စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၁ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ဥပဒေအခန်း (၅)၌   “သတင်းအချက်အလက်များ ဖြန့်ချိခြင်း၊ ပညာပေးခြင်းဖြင့် လူ့အခွင့်အရေးနှင့် စပ်လျဉ်း၍ အများပြည်သူ၏  အသိပညာ အဆင့်အတန်း မြှင့်တင်ခြင်းနှင့် ခွဲခြားမှုပုံ သဏ္ဍာန်  အားလုံးကို တိုက်ဖျက်သည့် ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ခြင်း” ဟူ၍ လူ့အခွင့် အရေး အသိပညာပေးမြှင့်တင်ခြင်းကို ကော်မရှင်၏ တာဝန်တစ်ရပ်အဖြစ် ဖော်ပြ ထားပါသည်။

၂။      မြန်မာနိုင်ငံ  အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ အဓိကလုပ်ငန်း တာဝန် (၂)ရပ်ဆောင်ရွက်ရာတွင် လူ့အခွင့်အရေး အသိပညာပေး    မြှင့်တင်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး၊ ကော်မရှင်အပေါ် ပြည်သူလူထုက ပိုမို၍ ယုံကြည်အားထား လာစေရေးနှင့် လူ့အခွင့်အရေး ပညာပေးရေးနှင့် အသိပညာပြန့်ပွားရေးတို့ကို ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး ယဉ်ကျေးမှုတစ်ရပ်ဖန်တီးရေး  စသည့်ရည်မှန်းချက် ပန်းတိုင်များ  အကောင်အထည်ဖော်နိုင်ရေး အတွက် ၅ နှစ်တာ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄)    နှင့်   နှစ်စဉ်လုပ်ငန်း စီမံချက်များ   ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။

၃။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တည်ထောင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ လက်ရှိကာလအထိ မြန်မာနိုင်ငံ တစ်နံတစ်လျား၌ လူ့အခွင့်အရေး အသိ ပညာမြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်မှု များအနေဖြင့်   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအပါအဝင်   တိုင်းဒေသကြီး/ ပြည်နယ်များသို့ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ (၂၇၅) ကြိမ်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်အဆင့် နိုင်ငံ့ဝန်ထမ်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများသို့ လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ/ သင်တန်းများ (၁၀၈)ကြိမ်၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်  နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များမှ ဖွင့်လှစ်သည့် သင်တန်းများသို့ လူ့အခွင့် အရေးဆိုင်ရာ သင်ခန်းစာပို့ချမှုများ(၂၈၈) ကြိမ်တို့ ဆောင်ရွက်ခဲ့သည့်အပြင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး စာရွက်စာတမ်းများ ပုံနှိပ်ထုတ်ဝေဖြန့်ချိခြင်းနှင့် သတင်းအချက်အလက်များ မျှဝေခြင်းတို့ကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

၄။      မြန်မာနိုင်ငံ  အမျိုးသား လူ့အခွင့်အရေးကော်မရှင် အနေဖြင့် ပြည်သူတစ်ရပ်လုံးကို လူ့အခွင့်အရေး အသိပညာပေးခြင်းဖြင့် အများပြည်သူ၏ လူ့အခွင့်အရေး အသိပညာ ဗဟုသုတများ တိုးပွားလာခြင်း၊ လူ့အခွင့်အရေး အခြေခံအယူအဆများကို သိရှိနားလည်ပြီး      လူ့အခွင့်အရေး အသိအမြင်ဖြင့် ပြန်လည်အသုံးချနိုင်စွမ်း တိုးတက်လာခြင်း၊ ရင်ဆိုင်ကြုံတွေ့ရသော အခြေအနေများကို   လူ့အခွင့်အရေး ရှုထောင့်မှခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်သဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကို   အထောက်အကူဖြစ်စေခြင်း၊ လူ့အခွင့်အရေး  ဖောက်ဖျက်ခြင်းနှင့် စပ်လျဉ်း၍    ကိုယ်တိုင်မကျူးလွန်ခြင်းနှင့် လူ့အခွင့်အရေး ဖောက်ဖျက်ခံရပါက  သုံးသပ်ဖြေရှင်းပေးနိုင်ခြင်း စသည့်အကျိုး ရလဒ်များ   ရရှိခံစားစေနိုင်မည်ဖြစ်ပြီး လူ့အခွင့်အရေးကို လေးစား၊ လိုက်နာ၊ ကျင့်သုံးသည့် လူ့အခွင့်အရေး ယဉ်ကျေးမှု တစ်ရပ်ထွန်းကားသည့် လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာနိုင်ရေး အတွက် များစွာ အထောက်အကူပြုစေနိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်