(၅)ကြိမ်မြောက် တရုတ်(အနောက်ပိုင်းဒေသ) အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ ကုန်စည်ပြပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်

 (၅)ကြိမ်မြောက် တရုတ်(အနောက်ပိုင်းဒေသ) အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ ကုန်စည်ပြပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်

နေပြည်တော်    မေ    ၁၈

    စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့၌ ကျင်းပသည့် (၅)ကြိမ်မြောက်   တရုတ်(အနောက်ပိုင်းဒေသ) အပြည်ပြည်ဆိုင်ရာ   ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ ကုန်စည်ပြပွဲ   ဖွင့်ပွဲ  အခမ်းအနားသို့ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကုန်စည်ပြပွဲ၌ ခင်းကျင်းပြသထားသည့် မြန်မာပြခန်းများအပါအဝင် နိုင်ငံတကာပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။

အဆိုပါပြပွဲကို   ပိုမိုကောင်းမွန်သော အနာဂတ်အတွက် တရုတ်နိုင်ငံ  အနောက်ပိုင်းဒေသနှင့် ကုန်သွယ်ဖက်နိုင်ငံများ အကြား ပူးပေါင်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၃၆ နိုင်ငံမှ ပြခန်းပေါင်း ၈၂၄ ခန်း ပါဝင်ပြသလျက်ရှိကြောင်းနှင့် ပြပွဲကို မေ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည်  ချုံချင့်မြို့ တရုတ်ကွန်မြူနစ်ပါတီ ဒုတိယအထွေထွေ အတွင်းရေးမှူး Mr. Li Mingqing တည်ခင်း ဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်၍ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးနှင့် မြန်မာ့လယ်ယာထွက်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး ကိစ္စရပ်များကို   ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။