နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

နေပြည်တော်၊ မေ - ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. CHUM Angvichet  သည်ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

ထို့နောက် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှရပ်တည်နေမှုနှင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်နေမှုအပေါ် ကမ္ဘောဒီးယားနိုင်ငံမှ ယုံကြည်မှုရှိသည့်အခြေအနေများ၊  နှစ်နိုင်ငံသံတမန် ဆက်ဆံရေး၊ ချစ်ကြည်ရင်းနှိီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ တွင်ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားချိန်၌ ကမ္ဘောဒီးယားနိုင်ငံမှ အကူအညီများပေးခဲ့မှုနှင့် ကိုဗစ်- ၁၉ ကာကွယ်ဆေးများ ထပ်မံပေးအပ်သွားမည့် အခြေအနေ၊ နှှစ်နိုင်ငံခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေကြောင်းတိုက်ရိုက်ပျံသန်းပြေးဆွဲမှုတိုးချဲ့ ရေးကိစ္စရပ်များ၊ သာသနာရေး၊ ပညာရေးနှင့် ကုန်သွယ်မှုကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းရင်း နှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးတို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။