ဘားအံမြို့၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)(ဗဟို)မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း၊ လူပုဂ္ဂိုလ်တို့အား ဘွဲ့တံဆိပ်များ ပေးအပ် ချီးမြှင့်

ဘားအံမြို့၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)(ဗဟို)မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း၊ လူပုဂ္ဂိုလ်တို့အား ဘွဲ့တံဆိပ်များ ပေးအပ် ချီးမြှင့်

နေပြည်တော်၊ မေ - ၂၀

          ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)(ဗဟို)မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံ ဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် လူပုဂ္ဂိုလ်တို့အား ဘွဲ့တံဆိပ်တော် ပေးအပ် ချီးမြှင့်ခြင်းကို မေ ၁၉ ရက်ညနေပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဩဝါဒစရိယ ဇွဲကပင်တောင် ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တကဝိဓဇ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(YMBA)(ဗဟို)၊ ကရင်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) အသင်ဝင်များ၊ ဘွဲ့တံဆိပ်ရရှိကြသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရာက်လာကြသူများက ပြည်နယ် ဩဝါဒစရိယ ဇွဲကပင်တောင် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)(ဗဟို)မှ တာဝန်ရှိသူတစ်ဦးက ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားတင်ပြသည်။ ယင်းနောက် အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်ရရှိသည့် ပြည်နယ် ဩဝါဒစရိယ ဇွဲကပင်တောင် ဆရာတော်၊ မဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ရရှိသည့် လှိုင်းဘွဲမြို့၊ ကမော့လဲ့ကျောင်းဆရာတော် ဘဒ္ဒန္တဝေပုလ္လ၊ ဘားအံမြို့၊ အတုလ မာန်အောင် ကြာအင်းကျောင်းဆရာတော် ဘဒ္ဒန္တသောဘိတ၊ ဖာပွန်မြို့၊ ဆွေမြတ်မျိုးကြွယ် ကျောင်းဆရာတော် ဘဒ္ဒန္တသီရိဓမ္မ၊ မြဝတီမြို့၊ညောင်နန်းသာကျောင်း ဆရာတော် ဘဒ္ဒန္တ သောဘိတနှင့် ကော့ကရိတ်မြို့၊ ဝဲကင်းအဲကျောင်း ဆရာတော် ဘဒ္ဒန္တသုန္ဒရ တို့အား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်များကို အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

          ဆက်လက်၍ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်ရရှိသည့် ပြည်နယ်ဝန်ကြီး ချုပ် ဦးစောမြင့်ဦး၊ မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်ရရှိသည့် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ဘားအံမြို့မှ ဦးကြည်ရွှင်ထွန်းနှင့် ဒေါ်မြတင် တို့အား ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(YMBA)(ဗဟို) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဘွဲ့တံဆိပ်များကို အသီးသီး ပေးအပ် ချီးမြှင့်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)(ဗဟို)ထံ အလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ၎င်းနောက် ပြည်နယ်ဩဝါဒစရိယ ဇွဲကပင်တောင် ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။