(၁၈ )ကြိမ်မြောက် အာရှမီဒီယာထိပ်သီးအစည်းအဝေးတက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ထွက်ခွာ

 (၁၈ )ကြိမ်မြောက် အာရှမီဒီယာထိပ်သီးအစည်းအဝေးတက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ထွက်ခွာ

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ကျင်းပမည့် (၁၈) ကြိမ်မြောက် အာရှမီဒီယာထိပ်သီးအစည်းအဝေး (18th Asia Media Summit) သို့  တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ထွက်ခွာသွားသည်။

အဆိုပါ အစည်းအဝေးကို UNESCO, ITU, UNDP  တို့၏ ကြီးကြပ်ပံ့ပိုးမှုဖြင့် ၁၉၇၇ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် နိုင်ငံတကာရုပ်သံနှင့် လုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်းကြီးဖြစ်သော ]]အာရှ-

ပစိဖိတ်ရုပ်သံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (Asia-Pacific Institute For Broadcasting Development-AIBD)က    မျက်မှောက်ခေတ် နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ရုပ်သံ မီဒီယာများ၏   အခန်းကဏ္ဍနှင့် စွမ်းဆောင်ရည်များတိုးမြှင့်စေရေး၊ ပြည်တွင်းနှင့် ဒေသတွင်းရှိ ရုပ်သံလွှင့်မီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေး၊   ဒေသတွင်းနိုင်ငံများအကြား ယဉ်ကျေးမှုအစဉ်အလာနှင့် ဓလေ့ထုံးစံများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊   ကျွမ်းကျင်မှုပိုင်းနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ စံသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရေး၊ ပြည်သူအကျိုးပြုရုပ်သံလွှင့် မီဒီယာများ၏ အခန်းကဏ္ဍအား မြှင့်တင်ကာကွယ်ရေး၊   လူမှုကွန်ရက်မီဒီယာများ အနေဖြင့် မီဒီယာရေရှည် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စနစ်တကျအထောက်အကူပြု ပါဝင်လာနိုင်ရေး၊ နိုင်ငံတကာမှ ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနများနှင့်   ရုပ်သံလွှင့်လုပ်ငန်း အဖွဲ့အစည်းများမှ ကျွမ်းကျင်သူများ၊ အရာရှိများ၊ မန်နေဂျာများနှင့် အာရှမီဒီယာထိပ်သီး ဆွေးနွေးပွဲတွင် စုပေါင်းဆွေးနွေးအဖြေရှာရေး ရည်ရွယ်ချက်ဖြင့် နှစ်စဉ်စီစဉ်ကျင်းပလျက်ရှိရာ ယခုအစည်းအဝေးကို မေ ၂၃ ရက်မှ ၂၅ ရက်အထိကျင်းပမည် ဖြစ်သည်။

AIBD တွင် မြန်မာနိုင်ငံအပါအဝင်   တင်းပြည့်အဖွဲ့ဝင်ပေါင်း  ၂၆ နိုင်ငံမှ MRTV အပါအဝင် ရုပ်သံလွှင့်အဖွဲ့အစည်း ၄၃ ဖွဲ့ရှိပြီး တွဲဖက်ရုပ်သံလွှင့်အဖွဲ့ဝင်ပေါင်း ၅၀ ရှိကြောင်း၊ စုစုပေါင်းနိုင်ငံနှင့် ဒေသပေါင်း ၄၆ ခုမှ ရုပ်သံလွှင့်အဖွဲ့အစည်းပေါင်း ၉၃ ခု အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိပြီး အာရှ-ပစိဖိတ်၊ ဥရောပ၊ အာဖရိက၊ အာရပ်နိုင်ငံများ၊ မြောက်အမေရိကနိုင်ငံများမှ ရုပ်သံလွှင့်အဖွဲ့အစည်းပေါင်း ၅၀ ကျော်ဖြင့် မိတ်ဖက်ဆက်ဆံရေး   ထူထောင်ထားရှိကြောင်း၊ ယင်းအစည်းအဝေးတွင် AIBD ၏ တစ်နှစ်တာ Activites & Projects များကို သုံးသပ်ဆွေးနွေးခြင်း၊ အဖွဲ့ဝင်နိုင်ငံများအလိုက် အဆိုပါ မီဒီယာဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ လိုအပ်ချက်များကို တင်ပြဆွေးနွေးခြင်းနှင့် နောင်တစ်နှစ်တွင် ဆောင် ရွက်မည့်သင်တန်းနှင့် Projects များနှင့် လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုခြင်းများ ဆောင်ရွက်ကြမည်ဖြစ်သည်။

ယင်းအစည်းအဝေးသို့ AIBD အဖွဲ့ဝင်နိုင်ငံများနှင့် ရုပ်သံလွှင့်အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများအပြင် လေ့လာသူများလည်းတက်ရောက်ကြသည်ဖြစ်ပြီး နိုင်ငံအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မီဒီယာဆိုင်ရာ အကြီးအကဲများနှင့် CEO များတက်ရောက်ကြမည်ဖြစ်ရာ မြန်မာနိုင်ငံမှ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ   ညွှန်ကြားရေးမှူးချုပ်  ဦးရဲနိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာ၊ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်၊ မြန်မာနိုင်ငံ  သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးအေးချမ်းတို့လည်း အစည်းအဝေးတက်ရောက်ရန် လိုက်ပါသွားကြသည်။