ဆင်ဖြူတော်ကလေး “ရဋ္ဌနန္ဒက”မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

ဆင်ဖြူတော်ကလေး  “ရဋ္ဌနန္ဒက”မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

နေပြည်တော်  မေ  ၂၂

    ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက်  ၆ နာရီခွဲတွင် မွေးဖွားခဲ့သည့် ဆင်ဖြူတော် (အထီး)ကလေး  ‘ရဋ္ဌနန္ဒက”သည် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက် ရှိကြောင်း သိရသည်။

အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိပြီး ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေး အဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊  ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း၄ ခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့်ရတနာ ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်လေး ဖြစ်သည်။      

ဆင်ဖြူတော်လေးသည် ယခုအချိန်တွင် အသက် ၁၀ လသားအရွယ်ဖြစ်ပြီး အရပ်အမြင့် ၃ ပေ ၇ လက်မ၊ ကိုယ်လုံး လုံးပတ် ၆ ပေ ၃ လက်မ၊ ကိုယ်အလေးချိန် ၅၅၀ ပေါင်ရှိလာပြီဖြစ်ကာ  ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေး ဥယျာဉ်၊ နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့် အတူရှိနေကြောင်း၊ ဆင်ဖြူ တော်လေး “ရဋ္ဌနန္ဒက” မှာ ငယ်စဉ်ကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးစေရန်၊ ဆင်နှင့်လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်း စနစ် "Peace Human and Elephant Interaction Training"ဖြင့် လေ့ကျင့််သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။