စစ်တွေမြို့နယ်ရှိ ကံ့ကော်ကျွန်း-ဇော်မတက်-ချောင်းနွယ်လမ်း၊ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးနှင့် သင်တန်းကျောင်း ပြန်လည်ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေး
စစ်တွေ မေ ၂၂
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် သည် တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့နယ်ရှိ ကံ့ကော်ကျွန်း-ဇော်မတက်-ချောင်းနွယ်ကျေးရွာချင်းဆက်လမ်း ၅/၇ မိုင် လမ်းပေါ်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုငွေကျပ် ၂၆၀ ဒသမ ၉၄၈ သန်းဖြင့် ကွန်ကရစ်လမ်း ၁ မိုင် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေကျပ် ၂၉၄ ဒသမ၇၇၈ သန်းဖြင့် တည်ဆောက်ခဲ့သည့် ဇော်မတက်ချောင်းကူး တံတားပေ ၁၅၀ ၏ကြံ့ခိုင်မှု အခြေအနေများကို လည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေကျပ် ၃၀၇ ဒသမ ၈၇၅ သန်းဖြင့် ဆက်လက်အကောင်အထည် ဖော်မည့် ကွန်ကရစ်လမ်း အူကြောင်း အခြေအနေကို လည်းကောင်း အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါလမ်းအား ၁၈ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် စနစ်တကျ ကွင်းဆင်းစိစစ် တွက်ချက်တင်ပြရန် တာဝန်ရှိသူများကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နယ်စပ်ဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဝန်ထမ်းအိမ်ရာနှင့် ရုံးသို့ရောက်ရှိခဲ့ပြီး မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အအုံများတွင် အပျက်အစီးများ ရှင်းလင်းဖယ်ရှား ပြီးစီးမှုနှင့် ပြုပြင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။ ထို့နောက် ဝန်ထမ်းများနှင့် မိသားစုဝင်များကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း သို့ရောက်ရှိပြီး သတ်မှတ်ကာလအတွင်း ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာသင်ဆောင်များအား ရှင်းလင်းဆောင်ရွက်နေမှု၊ ပျက်စီးမှုများကို အမြန်ဆုံးပြုပြင် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေး၍ ဝန်ထမ်းများကို စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။