CITIC Group (Myanmar )Co.,Ltd.မှ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဒေသများသို့ ပြန်ထည်ထူထောင်ရေး ပစ္စည်းများ ထောက်ပံ့ လှူဒါန်း

CITIC Group (Myanmar )Co.,Ltd.မှ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဒေသများသို့ ပြန်ထည်ထူထောင်ရေး ပစ္စည်းများ ထောက်ပံ့ လှူဒါန်း

ကျောက်ဖြူ  မေ  ၂၂

    ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ကျောက်ဖြူခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသော CITIC Group (Myanmar)Co.,Ltd.မှ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဒေသများသို့ ပြန်ထည်ထူထောင်ရေးပစ္စည်းများ ထောက်ပံ့လှူဒါန်းသည့် အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်ကြီးလူအေးက မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဒေသများသို့ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းသည့် CITIC Group (Myanmar)Co.,Ltd. အား ကျေးဇူးအထူးတင်ရှိကြောင်း၊ မိမိသည်လည်း ကျောက်ဖြူဒေသတွင် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် ဒေသများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ရောက်ရှိနေသူဖြစ်ကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့နှင့် ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် ထိခိုက်ပျက်စီးမှုများစွာ တွေ့ရှိရကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စွမ်းစွမ်းတမံ အရှိန်အဟုန်မြှင့် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ကျောက်ဖြူမြို့တွင် ထိခိုက်ပျက်စီးမှုများ နည်းပါးသည်ကို တွေ့ရှိရကြောင်းနှင့် CITIC Group  (Myanmar)Co.,Ltd. မှ ထောက်ပံ့လှူဒါန်းပေးသည့် ပစ္စည်းများကို  ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲရေး ကော်မတီထံသို့  ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် CITIC Group (Myanmar)Co.,Ltd. မှ Managing Director Mr. Liang Chuan Xin က ထောက်ပံ့ပစ္စည်းများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဒေသများသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သွပ်(သံဖြူ) ၉၀၀ ချပ်၊ တာပေါ်လင် ကိုက် ၁၀၀ စ ၅၃ လိတ်၊ ခေါင်ရိုက်သံ ပိဿာ ၉၀၊ ဝါရှာပြား ၁၂၀၀၀ ခု အစရှိသည့် ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ ပြန်လည်ထူထောင်ရေး ထောက်ပံ့ပစ္စည်းများအား လှူဒါန်းပေးအပ်ရာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား  ပြန်လည်ပေးအပ်ခဲ့ကြောင်း  သိရသည်။