(၂၂)ကြိမ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန တို့အကြား လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အစည်းအဝေးကျင်းပ

 (၂၂)ကြိမ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန တို့အကြား လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အစည်းအဝေးကျင်းပ

နေပြည်တော်  မေ ၂၂

    (၂၂)ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနတို့အကြား လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာအစည်းအဝေး (22nd Meeting on Cooperation to Combat Trafficking in Persons between Myanmar Police and Department of Special Investigation)ကို ၂၀၂၃ ခုနှစ် မေ ၂၂ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီတွင်   နေပြည်တော်   Park Royal Hotel ၌ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခဲ့ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊   တပ်ဖွဲ့မှူး   ရဲမှူးချုပ်မြင့်ထူး ဦးဆောင်သော ကိုယ်စားလှယ် ၁၅ ဦးနှင့် ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Pol. Maj. Arit Tatsaphanဦးဆောင်သော ကိုယ်စားလှယ် ၆ ဦး စုစုပေါင်း ကိုယ်စားလှယ် ၂၁ ဦး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်က Video Conference စနစ်ဖြင့် ကျင်းပခဲ့သည့် (၂၁) ကြိမ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနတို့အကြား လူကုန်ကူးမှု တိုက်ဖျက်ရေး  ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို   ပြန်လည်သုံးသပ် ဆွေးနွေးခြင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်ကာလအတွင်း နယ်စပ်ဖြတ်ကျော်ဖြစ်ပွားသော လူကုန်ကူးမှု အခြေအနေများ၊ လူကုန်ကူးမှု ကြိုတင်ကာကွယ်ရေး ကိစ္စရပ်များ၊ ပြောင်းလဲလာသော လူကုန်ကူးမှုပုံစံများနှင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ နယ်စပ်မြို့များသို့ နိုင်ငံခြားသားများ တရားမဝင်လာရောက် အလုပ်လုပ်ကိုင်မှု ဖြစ်စဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခြင်း၊ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများအား ပြန်လည်လွှဲပြောင်းရာတွင်  လူကုန်ကူးခံရခြင်း မရှိသူများကို    လူကုန်ကူးခံရသူ (Victim)အဖြစ် သတ်မှတ်လွှဲပြောင်းပေးမှုနှင့် ပတ်သက်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။