မြစ်ကြီးနားမြို့ရှိ MSME ဒေသထုတ်ကုန်ပြပွဲ ပြိုင်ပွဲနှင့် Talk Show ဆွေးနွေးပွဲ ပြုလုပ်

မြစ်ကြီးနားမြို့ရှိ MSME ဒေသထုတ်ကုန်ပြပွဲ ပြိုင်ပွဲနှင့် Talk Show ဆွေးနွေးပွဲ ပြုလုပ်

နေပြည်တော်၊ မေ - ၂၃

          ကချင်ပြည်နယ်အစိုးရအဖွဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီမှ ကြီးမှူး၍ ပထမအကြိမ် ပြုလုပ်သည့် MSME ဒေသထုတ်ကုန် ပြပွဲပြိုင်ပွဲနှင့် ဒေသတွင်း MSME လုပ်ငန်းရှင်များ ပါဝင်သည့် Talk Show စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ဒေသတွင်း MSME လုပ်ငန်းရှင်များတက်ရောက်ကြသည်။

          ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်မှ အမှာစကားပြောကြားသည်။ ထို့နောက် တာဝန် ရှိသူတစ်ဦးက အခမ်းအနား ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများမှ ခင်းကျင်းပြသထားသည့် စားသုံးကုန်၊ လူသုံးကုန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များနှင့် ဒေသထွက်ရိုးရာ ရက်ကန်းထည်များ၊ ရေခဲတောင်ဒေသထွက် ဆေးဝါးပစ္စည်းများ၊ တိုင်းရင်းဆေးဝါး ပစ္စည်းများ၊ ပယင်းအချောထည်များ၊ သဘာဝမြေဩဇာစသည့် ထုတ်ကုန် ပြခန်းပေါင်း ၃၂ ခန်းအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

          ၎င်းနောက် MSME ဒေသထုတ်ကုန်များ ပြန်လည်အဆင့်မြှင့်တင်နိုင်ရေးနှင့် ဈေးကွက်တိုးချဲ့မှု ယှဉ်ပြိုင်နိုင်ရေး Talk Show စကားဝိုင်းအား ဆက်လက်ပြုလုပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ထုတ်ကုန်ပြပွဲ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်၍ Talk Show စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား အမှတ်တရဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။