ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ မေ - ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင်  ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် တာဝန်ရှိသူများနှင့်အတူ ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးမှုများရှိသည့် စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်လှည့်လည် ကြည့်ရှုစစ်ဆေးပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

အလားတူ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဘူးသီးတောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအဖွဲ့များနှင့် ဌာနဆိုင်ရာအဖွဲ့များ တွေ့ဆုံ၍ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုအခြေ နေများနှင့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကူညီ ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေထောက်ပံ့ပေးနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ မုန်တိုင်းဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ရသေ့တောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ် အောင်မျိုးထွန်းသည် တာဝန်ရှိသူများနှင့်အတူ လေးကန် ကျေးရွာအုပ်စုအား စားနပ်ရိက္ခာနှင့် အဝတ်အထည်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းနှင့် ရေသန့်ဖြန့်ဝေ နေမှုများအား သွားရောက်ကြည့်ရှုပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

          အလားတူ သံတွဲမြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် စိုးနိုင်ဦးသည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီး သွားခဲ့သည့် ဌာနဆိုင်ရာအဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

          ထို့အတူ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုးသည် တာဝန်ရှိ သူများနှင့်အတူ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီး ခဲ့သည့် အခြေခံပညာအထက်တန်းကျောင်း(သဲတန်)နှင့် (မြေပုံ)တို့၌ ကူညီကယ်ဆယ် ရေးအဖွဲ့များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ မာန်အောင်မြို့နယ်သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်း ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရံပုံငွေမှ ထောက်ပံ့လှူဒါန်းသောအမိုးသွပ်ပြားများ အားသွားရောက် ထောက်ပံ့ လှူဒါန်းပြီး မာန်အောင်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှု အားပေးသည်။

          အလားတူ ချင်းပြည်နယ်၊ တီးတိန်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းကိုကိုသည် တာဝန်ရှိ သူများနှင့်အတူ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဆောင်ပီးကျေးရွာရှိ အခြေခံပညာ အထက်တန်း ကျောင်းအတွက် အမိုးသွပ်များအား သွားရောက်ထောက်ပံ့ပေးအပ်ပြီး အဆိုပါမြို့ရှိ ဗဟိုသာသနာပြု ကျောင်းတိုက်သို့ သွားရောက်၍ ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ မတူပီမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ခင်မောင်အေးသည် တာဝန်ရှိသူ များနှင့်အတူ ထေရဝါဒ တောင်တန်းသာသနာပြု ဗဟိုကျောင်းတိုက်သို့ သွားရောက်၍ ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းသည်။

          ထို့အတူ မောင်တောမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင့်ဆွေသည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းဒဏ်ကြောင့် မောင်တောမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများ ပျက်စီးနေမှုအခြေအနေများနှင့် လှဖိုးခေါင် ယာယီနေရာ ချထားရေးစခန်းသို့ သွားရောက်၍ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးရာ မြေပြင်စာရင်း ကောက်ယူရေး အဖွဲ့များက စာရင်းကောက်ယူထားရှိမှုများအား လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သတင်းရရှိသည်။