ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းတို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အခြေခံလေကြောင်း လူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်)တို့မှ သင်တန်းသား၊ သင်တန်းသူများ အထင်ကရနေရာများလေ့လာ

ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းတို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အခြေခံလေကြောင်း လူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်)တို့မှ သင်တန်းသား၊ သင်တန်းသူများ အထင်ကရနေရာများလေ့လာ

နေပြည်တော်၊ မေ - ၂၃

          ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် တပ်မတော်(ရေ)မှ ရေကြောင်းလူငယ်အခြေခံ နှင့်တန်းမြင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ကျိုင်းတုံစခန်း၊ မြိတ်စခန်း၊ ကျွန်းစုစခန်း၊ အင်းယားစခန်းနှင့် ကိုကိုးကျွန်းစခန်းတို့မှ သင်တန်းသား၊ သင်တန်းသူများသည် သင်တန်းနည်းပြများ၊ အုပ်ချုပ်သူများ၊ တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ နျူကလီးယား နည်းပညာ သတင်းအချက်အလက် စင်တာသို့ သွားရောက်လေ့လာကြသည်။ ထိုသို့ လေ့လာရေးခရီး လာရောက်ကြသော ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများအား နျူကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာမှ တာဝန်ရှိသူများက နျူးကလီးယားအသုံးပြုပုံနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဗွီဒီယိုပြခန်းမဆောင်တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဂုဏ်ပြု သရုပ်ဖော်ပြသ သည့်သီချင်း MTV၊ အသေးစားလျှပ်စစ် ဓာတ်အားထုတ်ဓာတ်ပေါင်းဖိုများ၏ အရေးပါမှုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း ROSATOM ၏ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖို တည်ဆောက်မှုအတွေ့အကြုံများ ရှင်းလင်းတင်ပြမှုဗွီဒီယိုပြကွက်၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ အခြေခံအကြောင်းအရာများကို မြန်မာဘာသာဖြင့် ရှင်းလင်းပြော ကြားထားသည့် ပြကွက်များ၊ နျူကလီးယားနည်းပညာဖြင့် ကျန်းမာရေး၊ စွမ်းအင်ထုတ် လုပ်ရေး၊ ပညာရေး၊ စက်မှုလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကဏ္ဍအသီးသီးတွင် လက်တွေ့ကျကျ အသုံးပြုနေခြင်းဆိုင်ရာ ပိုစတာများကို လေ့လာ ကြည့်ရှုခဲ့ကြသည်။

          ဆက်လက်ပြီး ကျောက်ဖြူစခန်း၊ စစ်တွေစခန်း၊ ပုသိမ်စခန်း၊ မော်လမြိုင်စခန်း၊ ဟိန်းဇဲစခန်းနှင့် မန္တလေးစခန်းတို့မှ ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူ များသည် ရန်ကုန်တိုင်းဒေသကြီးရှိ မှော်ဘီလေတပ်စခန်းသို့ လေ့လာရေးခရီးသွား ရောက်ကြသည်။ ဦးစွာ လေကြောင်းနှင့် အာကာသသိပ္ပံပညာရပ်များ၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော အထွေထွေဗဟုသုတများကို တပ်မတော်(လေ)မှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားကြသည်။

          ထို့နောက် ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများ လေယာဉ် ပျံသန်းမှုအတွေ့အကြုံရရှိစေရန် တပ်မတော်(လေ)မှ သယ်ယူပို့ဆောင်ရေးလေယာဉ် များဖြစ်သော ATR-72 နှင် Y-12 လေယာဉ်တို့ဖြင့် လက်တွေ့လိုက်ပါ စီးနင်းကြပြီး လေယာဉ်ပျံသန်းစီးနင်းရာတွင် လိုက်နာရမည့်အချက်များနှင် လေကြောင်း ဆိုင်ရာ အတွေ့အကြုံများကို တာဝန်ရှိသူများက လေယာဉ်ပေါ်၌ ရှင်းလင်းပြသကြသည်။

          အလားတူ ရန်ကုန်မြို့တွင်ရောက်ရှိနေသည့် တပ်မတော်(လေ)မှ အခြေခံ လေကြောင်းလူငယ် သင်တန်း (အကြီးတန်းအဆင့်) အမှတ်စဉ်(၁/၂၀၂၃)နှင့် အခြေခံ လေကြောင်းလူငယ် သင်တန်း(အငယ်တန်းအဆင့်) အမှတ်စဉ်(၁/၂၀၂၃)တို့မှ သင်တန်းသား၊သင်တန်းသူများသည် အုပ်ချုပ်သူနည်းပြများနှင့်အတူ ယနေ့မွန်းလွဲ ပိုင်းတွင် ဗျူဟာစစ်ရေယာဉ်အုပ်စုသို့ သွားရောက်ခဲ့ကြသည်။

တပ်မတော်(ရေ)မှ စစ်ရေယာဉ် (အောင်ဇေယျ)နှင့် စစ်ရေယာဉ် (ကျန်စစ်သား) တို့ဖြင့် ရန်ကုန်မြစ်တွင်းမှ ပင်လယ်ဝသို့ ခရီးတိုလိုက်ပါစီးနင်း၍ စစ်ရေယာဉ်များ၏ လက်နက်စနစ်များ၊ စက်ပိုင်းဆိုင်ရာများ၊ ရေကြောင်း သွားလာရေးဆိုင်ရာ အထွေထွေ ဗဟုသုတများ၊ ဆက်သွယ်ရေးနှင့် အီလက်ထရွန်းနစ်စနစ်များ၊ ရေယာဉ် ခုတ်မောင်း နေစဉ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် အခြားသိသင့် သိထိုက်သည်များကို စိတ်ပါ ဝင်စားစွာ လေ့လာခဲ့ကြပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သတင်းရရှိသည်။