မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တွင်ကျင်းပသော လေကြောင်းနှင့် အာကာသဆိုင်ရာ ပြခန်းဖွင့်ပွဲနှင့် ကမ္ဘာ့ပထမဆုံးအာကာသယာဉ်မှူး ယူရီဂါဂါရင်ရုပ်တု လွှဲပြောင်းလက်ခံပွဲ အခမ်းအနားကျင်းပ

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တွင်ကျင်းပသော လေကြောင်းနှင့် အာကာသဆိုင်ရာ ပြခန်းဖွင့်ပွဲနှင့် ကမ္ဘာ့ပထမဆုံးအာကာသယာဉ်မှူး ယူရီဂါဂါရင်ရုပ်တု လွှဲပြောင်းလက်ခံပွဲ အခမ်းအနားကျင်းပ

နေပြည်တော်  မေ  ၂၃

 

ကမ္ဘာ့ပထမဦးဆုံး အာကာသယာဉ်မှူး ယူရီဂါဂါရင်၏ ကြေးသွန်းရုပ်တုကို ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ   လှူဒါန်းခြင်းအား လွှဲပြောင်းလက်ခံနိုင်ရန်၊   ရုရှား-မြန်မာ ရှိရင်းစွဲ နှစ်နိုင်ငံချစ်ကြည်ရေးအား တိုးမြှင့် ဆောင်ရွက်နိုင်စေရန်နှင့်    လေကြောင်းနှင့်အာကာသဆိုင်ရာ သမိုင်းမှတ်တိုင်များ၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၏ပညာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများကို ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များလာရောက်လေ့လာနိုင်ရန် ရည်ရွယ်ချက်များဖြင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ရှိ လေကြောင်းနှင့် အာကာသဆိုင်ရာ ပြခန်းဖွင့်ပွဲနှင့်  ကမ္ဘာ့ပထမဆုံးအာကာသယာဉ်မှူး  ယူရီဂါဂါရင်ရုပ်တုလွှဲပြောင်း လက်ခံပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်   မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ  မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၌ ကျင်းပသည်။

အခမ်းအနားသို့  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊  မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး  Dr. Nikolay Listopadov၊ သံရုံးအရာရှိများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ တာဝန်ခံပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ လေကြောင်းနှင့်အာကာသဆိုင်ရာပြခန်းဖွင့်ပွဲ အခမ်းအနားကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမျိုးအောင်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းနှင့်  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ကမ္ဘာ့ပထမဆုံးအာကာသယာဉ်မှူး ယူရီဂါဂါရင်ရုပ်တုလွှဲပြောင်းလက်ခံပွဲ အခမ်းအနားကို ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က  အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး  Dr. Nikolay Listopadov က အမှာစကားပြောကြားသည်။

ထို့နောက်   ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးတို့က     ကမ္ဘာ့ပထမဆုံးအာကာသယာဉ်မှူး ယူရီဂါဂါရင် ရုပ်တုကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ဧည့်သည်တော်များနှင့်အတူ ပြခန်းအတွင်း လှည့်လည်ကြည့်ရှုကာ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရှိရသည်။