ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူး ပူဇော်ပွဲအခမ်းအနား၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့၊ မင်းကျောင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူး ပူဇော်ပွဲအခမ်းအနား၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့၊ မင်းကျောင်း ပထမပြန်စာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ (အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မိန့်ကြားတော်မူသော သာရဏီယသြဝါဒကထာ

(၁၃၈၅ ခုနှစ်၊ နယုန်လဆန်း(၅) ရက်၊(၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်၊ အင်္ဂါနေ့))

(၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် မူလ အာဘိဓမ္မိက၊ ဒီဃဘာဏက၊ဝိနယဓရ၊ ဥဘတောဝိဘင်္ဂဓရ၊ ဒီဃနိကာယကောဝိဒ၊ ဝိနယကောဝိဒ၊ ဥဘတောဝိဘင်္ဂကောဝိဒ စသည် ခန်းခန်းအောင်ပွင့်ပန်းကို လန်းလန်းရွှင်ရွှင် ပန်ဆင်ကြသည့် သာသနာ့ အာဇာနည်  အရှင်မြတ်များနှင့်တကွ သာသနာ့ဒါယကာ၊    ဒါယိကာမများ၊ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်အစိုးရအမှူးပြုသည့် ဥပါသကာ ဥပါသိကာမအပေါင်းသူတော်ကောင်းတို့အား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကိုယ်စား အမှတ်ရဖွယ် အောက်မေ့ဖွယ်ရာဖြစ်သော သာရဏီယသြဝါဒ စကား မြွက်ကြားလိုပါသည်ဘုရား။

အရှင်မြတ်တို့အတွက် အားတက်ဖွယ်ရာ စစွာအဦး အထူးလျှောက်ထားလိုသည်မှာ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ဆရာသခင် မြတ်စွာဘုရားရှင်သည် သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ရှိတော်မူကာ သတ္တ သတ္တာဟစံတော်ပြီးနောက် ဥရုဝေလတော အဇပါလညောင်ပင်ရင်း၌ သီတင်းသုံးစံနေတော်မူစဉ် စရိုက်ညံ့ဖျင်းမာရ်နတ်မင်းသည် “ပရိနိဗ္ဗာတု ဒါနိ ဘန္တေ ဘဂဝါ”အစဖြာလျက် လောကထိပ်တင် မြတ်စွာဘုရားရှင်ကို ပရိနိဗ္ဗာန်စံတော်မူရန် လျှောက်ထားခဲ့ရာ မြတ်စွာဘုရားရှင်က-

“နတာဝါဟံ ပါပိမ ပရိနိဗ္ဗာယိဿာမိ၊ယာ၀ မေ ဘိက္ခူ န သာဝကာ ဘဝိဿန္တိဝိယတ္တာ ဝိနီတာ” အစဖြာ လျက် “ယုတ်မာစွာလတ် ဟယ်မာရ်နတ်၊ ငါဘုရား၏ တပည့်ဖြစ်ကြသော ရဟန်းတို့သည် အထူးထူး သောအရာတို့၌ လိမ္မာမှုမရှိကြသေးသမျှ ဆုံးမအပ်ပြီးသည်မဖြစ်ကြသေးသမျှ၊ ရဲဝံ့ခြင်းမရှိသေးသမျှ၊ ပိဋကတ်သုံးပုံဟူသော ဘုရားဟောစကားတော်ကို များစွာမသင်ကြား မနာကြားအပ်သေးသမျှ၊ ပိဋကတ်သုံးပုံဟူသော တရားတော်ကို မဆောင်နိုင်သေးသမျှ၊ လောကုတ္တရာတရားကိုးပါး အားလျော် သော အကျင့်ကို မကျင့်နိုင်ကြသေးသမျှ၊ ဝိပဿနာဝိသုဒ္ဓိအကျင့် အားလျော်သောတရားများကို မကျင့်နိုင်သေးသမျှ၊ မိမိဆရာ(မြတ်စွာဘုရား)၏ဝါဒကို သင်ကြား၍မဟောပြမပို့ချမသင်ပြနိုင်သေးသမျှ၊ မဝေဖန်နိုင် ပေါ်လွင်ထင်ရှားအောင် မပြုလုပ်နိုင်သေးသမျှ၊ ဖြစ်ပေါ်လာသည့် သူတစ်ပါးတို့အယူဝါဒကို အကြောင်းနှင့်တကွသော စကားဖြင့် နှိမ်နင်းသည်မည်လောက်အောင် နှိမ်နင်း၍ မဟောပြနိုင်သေးသမျှ ငါဘုရားပရိနိဗ္ဗာန်မစံသေး” ဟု သုတ္တန္တပိဋက၊ မဟာဝဂ္ဂပါဠိ၊ မဟာပရိနိဗ္ဗာနသုတ်တော် စာမျက်နှာ (၈၇)တွင် လာရှိပါသည်ဘုရား။

ယင်းဒေသနာတော်အရ မြတ်စွာဘုရားရှင်သည် သာသနာတော်တွင် ပိဋကတ်ကျမ်းဂန်များကို သင်အံကျက်ဆောင်၍ ပရိသတ်ဘောင်အတွင်း ကြောက်ရွံ့ခြင်းကင်းကာ ရဲဝံ့စွာဖြင့် သင်ကြား ပို့ချဟောပြနိုင်ပြီး သာသနာတော်အတွင်း ချင်းနင်းဝင်ရောက် ပေါ်ပေါက်ဖြစ်ရှိလာသည့် သူတစ်ပါး၏ မိစ္ဆာဝါဒများကိုလည်း သုတ်သင်ပယ်ရှင်းနှိမ်နင်းနိုင်သည့် အရည်အချင်း ပြည့်ရဟန်းတော်များ ထင်ရှား ဖြစ်ပေါ်လာစေ လိုသော ဆန္ဒတော်မြတ်ရှိတော်မူသည်ကို  ကြည်ညိုသိရှိနိုင်ပါသည်ဘုရား။

ဤသို့အရည်အချင်း ပြည့်ရဟန်းတော်များ ထင်ရှားဖြစ်ပေါ်လာမှသာ သာသနာတော်မြတ်ကြီးအရှည်ခံ့၍ တည်တံ့မည်ဖြစ်ပါသည်ဘုရား။ (၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးတွင် အောင်မြင်တော်မူကြသည့် အရှင်မြတ်တို့အနေဖြင့် ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊ ဓမ္မာစရိယစာချတန်းစသည်တို့တွင် ဗုဒ္ဓမြတ်စွာဟောမိန့်မှာသည့် ပိဋကတ်ကျမ်း စာများကို အခြေခံအနေဖြင့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတို့မှ ခွဲခြားသတ်မှတ် ပြဋ္ဌာန်းထားသည့်အတိုင်း လေ့လာခဲ့ရသည့်အပြင် (၇၅)ကြိမ်မြောက် စိန်ရတု တိပိဋကဓရတိပိဋက ကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးတွင် ပိဋကတ်ပုံဝက်ကိုသော်လည်းကောင်း၊ ပိဋကတ်တစ်ပုံကိုသော်လည်းကောင်း၊ ပိဋကတ်နှစ်ပုံကိုသော်လည်းကောင်း အာဂုံအရ ကျက်မှတ်ပြန်ဆို အောင်မြင်တော်မူခြင်းသည် ဗုဒ္ဓမြတ်စွာ လိုလားတော်မူသည့် အရည်အချင်းရှိပုဂ္ဂိုလ်များတွင် ပါဝင်လျက်ရှိခြင်းကြောင့် အရှင်မြတ် တို့၏ အောင်မြင်မှုကို  နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့အနေဖြင့် ဝမ်းမြောက် နုမော်သာဓု ခေါ်လျက်ရှိပါသည်ဘုရား။

အရှင်မြတ်တို့အနေဖြင့်လည်း “ငါတို့သည် မြတ်စွာဘုရားရှင် လိုလားအပ်သည့် ဗဟုသုတဓမ္မဓရ ပုဂ္ဂိုလ်အမျိုးအစားတွင် ပါဝင်လျက်ရှိကြပြီ” ဟု နှလုံးသွင်းကာ ဝမ်းမြောက်ကြရမည်ဖြစ်ပါသည်ဘုရား။

ဗုဒ္ဓမြတ်စွာသာသနာတော်တွင် ဗဟုသုတဓမ္မဓရပုဂ္ဂိုလ်သက်သက်မျှသာ ဖြစ်စေလိုသည်မဟုတ်ဘဲ ဓမ္မာနုဓမ္မ ပဋိပန္နပုဂ္ဂိုလ်စစ်စစ်အဖြစ် ရောက်အောင် ကျင့်ဆောင်ကြိုးကုတ်အားထုတ်ကြစေလိုသော ဆန္ဒတော်ရှိသည်ကိုလည်း မာရ်နတ်အား မိန့်ကြားတော်မူသော   စကားအရပင်သိရှိ နိုင်ပါသည်ဘုရား။ ထို့ကြောင့် အရှင်မြတ်တို့သည် မြတ်စွာဘုရားရှင် လိုလားအပ်သော ပုဂ္ဂိုလ်အမျိုးအစားတွင် ဓမ္မဓရ အရည်အချင်းလောက်ဖြင့် ပါဝင်ရသော ပုဂ္ဂိုလ်အဖြစ်သာ မရပ်တည်ကြဘဲ  သင်ကြားအပ်ပြီးသော ပရိယတ်ထဲတွင် ပါရှိသည့် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးတို့ကို အရှင်မြတ်တို့ ခန္ဓာကိုယ်တွင် ပဋိပတ်အဖြစ်ဖြင့် ရောက်ရှိလာအောင် လုံ့လကြိုးကုတ်အားထုတ်တော် မူကြခြင်းဖြင့် မြတ်စွာ ဘုရားရှင်လိုလား အပ်သော   ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်အဖြစ်  ပါဝင်ကြစေလိုပါသည်ဘုရား။

ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်အဖြစ် ရပ်တည်မှသာ အရှင်မြတ်တို့၏ ပရိယတ်သည်လည်း မွန်မြတ်လှသော နိဿရဏတ္ထပရိယတ္တိဖြစ်ရှိကြကာ သာသနာတော်သို့ ဝင်ရောက်ကြသော အမျိုးကောင်းသား ရဟန်းတော်မြတ်တို့၏ ရည်ရွယ်ချက်ဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ဟူသော အမြတ်ဆုံးအကျိုးကို ရရှိသုံးဆောင် ခံစားကြရမည်ဖြစ်ပါသည် ဘုရား။

သာသနာ့ဒါယကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအမှူးပြုသော ဥပါသကာ ဥပါသိကာမ အပေါင်း သူတော်ကောင်းတို့ကလည်း ပရိယတ္တိဘက်မှာရောပဋိပတ္တိဘက်မှာပါ လေးဖြာပစ္စယပြည့်ဝ စေရန် ပြည့်လျှံသော စေတနာသဒ္ဓါတရားတို့ဖြင့် လေးစားကော်ရော် ပူဇော်လှူဒါန်းလျက် အထက်တန်း ကျသော သာသနာပြုကုသိုလ်မှုများကို ပွားများအားထုတ် ပြုလုပ်နေကြသည်ကို အရှင်မြတ်တို့လည်း တွေ့မြင်နိုင်ပါသည်ဘုရား။

၄၅-ဝါကာလပတ်လုံး မြတ်စွာဘုရားရှင်ဟောကြားတော်မူသော ပရိယတ္တိတရားတော်များသည် လူ နတ် နိဗ္ဗာန် သုံးတန်သောချမ်းသာကို ပေးစွမ်းနိုင်သဖြင့် ထိုတရားတော်များ မဆိတ်သုဉ်းမကွယ်ပျောက်ရလေ အောင် ဆရာတော် သံဃာတော်အရှင်မြတ်များအနေဖြင့် ဆက်လက်၍ သင်ကြားပို့ချဟောပြ ပေးတော်မူကြပါဟု တိုက်တွန်းရင်း နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၏ ကိုယ်စား တပည့်တော်၏ သာရဏီယသြဝါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်အပ်ပါသတည်း။

ဘဒ္ဒန္တစန္ဒိမာဘိဝံသ

အကျိုးတော်ဆောင်

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့