မြန်မာနိုင်ငံ ကျေးရွာငါးရွာအတွက် စက်ရေတွင်းငါးတွင်း တူးဖော်နိုင်ရေး အလှူငွေပေးအပ်ပွဲ ကျင်းပ

မြန်မာနိုင်ငံ ကျေးရွာငါးရွာအတွက် စက်ရေတွင်းငါးတွင်း တူးဖော်နိုင်ရေး အလှူငွေပေးအပ်ပွဲ ကျင်းပ

နေပြည်တော်  မေ  ၂၃

    တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ လင်ကွန်ကျောင်းတိုက် ဆရာတော်ချန်ကျန့်မှ မြန်မာနိုင်ငံရှိ ကျေးရွာငါးရွာတွင် စက်ရေတွင်း ငါးတွင်း တူးဖော်နိုင်ရေး အလှူငွေပေးအပ်ပွဲကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ Mr. Liu Wei ဦးဆောင်သော အလှူရှင် အဖွဲ့နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ    လင်ကွန်ကျောင်းတိုက် ဆရာတော်ချန်ကျန့်မှ မြန်မာနိုင်ငံရှိ ကျေးရွာ ငါးရွာအတွက်  စက်ရေတွင်း ရေကန်များ တူးဖော်   ဆောက်လုပ် လှူဒါန်းလိုသည့် အကြောင်းရင်းအား  ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Mr. Liu Wei မှ ရှင်းလင်း ပြောကြားပြီး  အလှူငွေများ ပေးအပ်လှူဒါန်းရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက လက်ခံရယူခဲ့ပြီး   ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ  ပေကျင်းမြို့ရှိ လင်ကွန်ကျောင်းတိုက် ဆရာတော်ချန်ကျန့်မှ ပဲခူးတိုင်းဒေသကြီး  ပန်းတောင်းမြို့နယ်ဘူးဘက်ကျေးရွာနှင့် ရွှေတွင်းတူးကျေးရွာ၊ မိုးညိုမြို့နယ် ရှစ်ကွက်ကျေးရွာ၊ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ပြရွာ၊ နတ်မောက်မြို့နယ် ကျွေးထူးကန်ကျေးရွာ စုစုပေါင်း တိုင်းဒေသကြီး နှစ်ခု၊ ကျေးရွာ ငါးရွာတွင် စက်ရေတွင်းတူးဖော်ခြင်း၊  ရေစင်၊ ဆိုလာရေတင်စနစ် ဆောင်ရွက်ရန်အတွက် အလှူငွေများ လှူဒါန်းမှုအတွက် မိမိတို့ဝန်ကြီးဌာန သာမက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများအတွက်ပါ အလွန် မင်္ဂလာရှိသောနေ့ဖြစ်ကြောင်း၊ ဆရာတော် ပေးလှူသော စက်ရေတွင်းများသည် ကျေးရွာများအတွက်    အမှန်တကယ် အကျိုးရှိ ထိရောက်ကြောင်း၊ ဆရာတော်၏ လှူဒါန်းမှုဖြင့် အိမ်ခြေ ၁၀၅၀ ၊ လူဦးရေ ၄၀၅၃ ဦးကို အကျိုးပြုနိုင်မည်ဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်သဖြင့် အထူးပင်ကျေးဇူးတင်ပါကြောင်း၊ လှူဒါန်းသည့် ရေတွင်းရေကန်များအား မြေပြင်တွင် အမှန်တကယ် အကျိုးရှိထိရောက်စေရေး ကြပ်မတ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ပြီးစီးမှုအား မှတ်တမ်းဓာတ်ပုံများဖြင့် ပြန်လည်ပေးပို့ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့်အတူ မိမိတို့ဝန်ကြီးဌာနကလည်း  နှစ်စဉ် သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသော်လည်း ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်း အမြစ်များ ခန်းခြောက်လာပြီး သောက်သုံးရေ လုံလောက်မှုမရှိသော   ကျေးရွာများ ကျန်ရှိနေသေးသဖြင့် ထပ်မံလှူဒါန်းမည် ဆိုပါကလည်း     ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း၊   ယခုလို  စေတနာ မေတ္တာတို့ဖြင့် ပေးအပ်လှူဒါန်းမှုအတွက်    ဂုဏ်ယူဝမ်းမြောက်စွာဖြင့်    အထူးပင်ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြောင်း  သိရသည်။