အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဖွင့်လှစ်ရန်ကြိုတင်ပြင်ဆင်မှုများအား ကြည့်ရှု စစ်ဆေး

ရန်ကုန်  မေ ၂၃

အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဖွင့်လှစ်ရန်ကြိုတင်ပြင်ဆင်မှုများအား ကြည့်ရှု စစ်ဆေး

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် စွယ်တော်မြတ် စေတီတော်အနီးရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်သို့ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်သင်တန်းများ စတင်ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး သည်။

ဦးစွာ ရှင်းလင်းဆောင်၌ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား တက္ကသိုလ်  ဒုတိယ ပါမောက္ခချုပ်(စီမံ) ဦးစိန်မော်က လာမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်တွင်းပြည်ပနိုင်ငံများမှ  သင်တန်းသားများ တက်ရောက်ကြမည့်အခြေအနေ၊ တက္ကသိုလ်အိပ်ဆောင်များ၌ နေရာချထားပေးမည့်အခြေအနေနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းလှူဒါန်းသည့်  မြေ ၂ ဒသမ ၇၆၂ ဧကပေါ်ရှိ သင်တန်းသား အိပ်ဆောင်  နှစ်ဆောင် ပြန်လည်ပြုပြင်ပြီးစီးမှုနှင့်  သင်တန်းသားများထားရှိနိုင်မည့်  အခြေအနေများကို    အသေးစိတ် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြုပြင်ပြီးစီးသော အိပ်ဆောင်များ၌ သင်တန်းသားများထားရှိရန် ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)