မကွေးမြို့အနီးရှိ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

မကွေးမြို့အနီးရှိ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၄

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မကွေးတိုင်း ဒေသကြီး   သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နှင့် ယနေ့တွင် မကွေးတိုင်းဒေသကြီး  မင်းလှမြို့အနီးရှိ ဧရာဝတီ မြစ်၏ရေအရင်းအမြစ်၊ မြစ်ရေလမ်းကြောင်း အခြေအနေနှင့် မကွေးမြို့အနီးရှိ ၁၀၀ မဂ္ဂါဝပ်  ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်နှင့်  သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid)ဓာတ်အားပေးစက်ရုံ   စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု ကိုလည်းကောင်း၊ ချောက်မြို့အနီး ဧရာဝတီမြစ်၏ ရေအရင်းအမြစ်၊မြစ်ရေစီးဆင်းမှုနှင့် အောက်ခံ ကျောက်သားတွေ့ရှိမှုတို့ကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့က မင်းလှမြို့အနီးရှိ ဧရာဝတီမြစ်၏  ရေအရင်းအမြစ် နေရာနှင့် ယနေ့တွင် ချောက်မြို့အနီး ဧရာဝတီမြစ်၏ ရေအရင်းအမြစ်နေရာများသို့    သွားရောက်ကြည့်ရှုစစ်ဆေးရာ   ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးဌေးအောင်တို့က ဧရာဝတီမြစ်ဝှမ်းဆိုင်ရာ အချက်အလက်များ၊ မင်းလှမြို့နှင့် ချောက်မြို့အနီးရှိ ဧရာဝတီမြစ်၏    ရေလမ်းကြောင်းအခြေအနေ၊ ရေမျက်နှာပြင် အနိမ့်အမြင့်ကွာခြားချက်နှင့် ရေအတိမ်အနက် အခြေအနေ၊ ရေစီးနှုန်းနှင့် မြစ်ရေထုထည်စီးနှုန်း အခြေအနေတို့အား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇက်ရေယာဉ်များဖြင့် မင်းလှမြို့နှင့် ချောက်မြို့အနီးရှိ   ဧရာဝတီမြစ်အတွင်း မြစ်ရေစီးဆင်းနေမှု၊   မြစ်ကြောင်းအတွင်း အနည်ပို့ချနှုန်းနှင့်   သောင်ထွန်းနေမှု၊ ရေကြောင်းသွားလာမှု၊ မြစ်ကမ်းပါး ဝဲ/ယာရှိ ဘူမိဗေဒအခြေအနေနှင့် သဲနုန်းပို့ချမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကွေးမြို့အနီးရှိ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး(Solar+Gas Engine Hybrid) ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ ရောက်ရှိရာ ကုမ္ပဏီ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာအချက်အလက်များနှင့်   စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ   ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ရက်များတွင်  လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် လက်ရှိရောက်ရှိနေသည့် ဓာတ်အားပေးစက် ကိုးလုံးအပြင် ထပ်မံရောက်ရှိရန် ကျန်ရှိသည့်ဓာတ်အားပေး စက်လေးလုံးနှင့် ထရန်စဖော်မာများအား သတ်မှတ်ကာလအတွင်း ရောက်ရှိနိုင်ရေးနှင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ဓာတ်အားအပြည့်အဝထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက် သွားရန်လိုကြောင်း၊ တစ်ချိန်တည်း တစ်ပြိုင်တည်းလုပ်ဆောင်ရမည့် ကိစ္စရပ်များကို အရှိန်အဟုန်ဖြင့် ဟန်ချက်ညီဆောင်ရွက်ရန်၊အခက် အခဲများရှိပါက ဝန်ကြီးဌာနသို့ ချက်ချင်း တင်ပြဆောင်ရွက်သွားရန်နှင့်  လိုအပ်သည် များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်းမှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း Solar Panel များ တပ်ဆင်ရန် မြေပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ နညါငညန Engine Foundtion လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ သဘာ၀ ဓာတ်ငွေ့သုံးဓာတ်အားပေးအင်ဂျင်စက်ကြီး များရောက်ရှိနေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကိုမှာကြားသည်။

အဆိုပါ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ်သုံး(Solar+Gas Engine Hybrid) ဓာတ်အားပေးစက်ရုံစီမံကိန်း သည် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သပြေစမ်းကျေးရွာအနီးရှိ မြေဧရိယာ ၅၉၈ ဧကပေါ်တွင်   တည်ဆောက်လျက်ရှိပြီး စက်တပ်ဆင်အင်အားမှာ  Solar ၁၂၂ မဂ္ဂါဝပ်နှင့်  Gas Engine ၁၂၆ မဂ္ဂါဝပ် နှစ်မျိုး တပ်ဆင်ထားရှိပြီး စီမံကိန်းတစ်ခုလုံးပြီးစီးပါက   ထွက်ရှိလာမည့်ဓာတ်အားများကို ၁၃၂ ကေဗွီ မကွေးပင်မ ဓာတ်အားခွဲရုံမှတစ်ဆင့်   နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးသွားမည်ဖြစ်ပြီး ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၃၁ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ကြောင်းသိရသည်။