မိုးဦးကာလ ရေယာဉ်များ သဘာဝ ဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ရေလမ်းသတိပေး နှိုးဆော်ချက် ထုတ်ပြန်ခြင်း

မိုးဦးကာလ ရေယာဉ်များ သဘာဝ ဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ရေလမ်းသတိပေး နှိုးဆော်ချက် ထုတ်ပြန်ခြင်း

    မြန်မာနိုင်ငံရှိ မြစ်များတွင်   မုတ်သုံရာသီအစ မိုးဦးကာလတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊    လေပြင်း တိုက်ခတ်ခြင်းတို့နှင့်အတူ မြစ်ရေမြင့်တက် လာမည်ဖြစ်ပါသည်။   မြစ်ရေတက်လာမှုပေါ် မူတည်၍ ရေယာဉ်များ အန္တရာယ်ကင်းစွာ ခုတ်မောင်းသွားလာနိုင်ရန်  လိုအပ်သော ရေလမ်းညွှန် အမှတ်အသားများကို   ပြသထားမည်ဖြစ်ပါသည်။ ရာသီဥတုဒဏ်ကြောင့်   ရေလမ်းညွှန် အမှတ်အသားများ  တစ်ခါတစ်ရံ ပျက်စီး ပျောက်ဆုံးနိုင်သဖြင့်   ရေယာဉ်များ  ဂရုပြုခုတ်မောင်းကြရန် လိုအပ်ပါသည်။

ရေများကာလတွင် ရေလမ်းများအတွင်း ရေစီးသန်ခြင်းနှင့် ဝဲလှည့်ခြင်းတို့ဖြစ်ပေါ်နိုင်သည့်အပြင် မြစ်ရေတက်လာမှုကြောင့် ရေနည်းကာလတွင် ရှိခဲ့သော သောင်နှင့်ကျွန်းများ ရေမြုပ်၍ ရေမြွှာပေါက် ဖြတ်လမ်းများ ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။ ထို့ကြောင့်   ရေအနက်မလုံလောက်သော ရေမြွှာပေါက်ဖြတ်လမ်းများကို  ဖြတ်သန်း ခုတ်မောင်းခြင်း  မပြုကြရန်နှင့် မိမိရေယာဉ်၏ စက်အားနှင့်ရေစီးနှုန်းကိုချင့်ချိန်၍    သတ်မှတ်ရေလမ်းအတိုင်းသာ သတိပြုခုတ်မောင်းရန် လိုအပ်ပါသည်။

မြစ်ကူးတံတား ရေလမ်းများတွင်    ရေယာဉ်များ  ဝင်ရောက်ရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင်တြိဂံအမှတ်အသား ပြသထားပြီး ညအခါ     မီးစိမ်းထွန်းပြသထားပါသည်။     မဝင်ရမည့်ရေလမ်းတွင် နေ့အခါ အနီရောင်ကြက်ခြေခတ် အမှတ်အသားပြသထားပြီး  ညအခါ မီးနီထွန်း ပြသထားပါသည်။

ရေများကာလတွင် မြစ်ကူးတံတားကြီးများ၏ ရေလယ်တိုင် အုတ်ခုံများမှာ ရေမြုပ်နေပြီး ရေလယ်တိုင်   နှစ်ခုအကြားတွင်  ရေစီးသန်သောကြောင့် ရေယာဉ်များ မြစ်ကူးတံတားရေလမ်းကို ဖြတ်သန်းရာတွင် စက်နှင့်တက်မစနစ်များကို ကြိုတင်စစ်ဆေးပြီး လုံလောက်သော အကွာအဝေးမှ  ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့်   ဖြတ်သန်းခုတ်မောင်းကြရန်နှင့်  တံတားရေလမ်းကို ဖြတ်သန်းရာတွင်    ရေယာဉ်  နှစ်စင်း  ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုကြရန်   လိုအပ်ပါသည်။   အထူးသဖြင့်   မိမိ၏သယ်ဆောင်ဝန်နှင့်   စက်အားကို ချင့်ချိန်တွက်ဆ၍ ဂရုပြု ခုတ်မောင်းကြရမည်ဖြစ်ပါသည်။    မနိုင်ဝန်ကို       သယ်ဆောင်ခြင်း မပြုကြရန်နှင့်       မြစ်ကူးတံတားကြီးများကို ဖြတ်သန်းရာတွင် တွဲတစ်တွဲချင်းသာ         ချိတ်ဆွဲဖြတ်သန်းကြရမည်     ဖြစ်ပါသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ရုတ်တရက် လေပြင်းတိုက်ခတ်မှုနှင့် မိုးမှောင်ကျမှု ဖြစ်ပေါ်သည့်အခါ ရေယာဉ်များ အန္တရာယ် မဖြစ်စေရေးအတွက် သတိပြုခုတ်မောင်းကြရန်နှင့် လေပြင်းတိုက်ခတ်စဉ် ရေယာဉ်များ လိုက်နာရမည့်ဥပဒေ၊      စည်းကမ်းချက်များအတိုင်း လိုက်နာ ကြရန်   ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ   ရေလမ်းသတိပေးနှိုးဆော်ချက်    ထုတ်ပြန်ထားပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန