ဖျားနာခြင်းကင်းဝေးစေသော အစားအစာများ

ဖျားနာခြင်းကင်းဝေးစေသော အစားအစာများ

လူသားတို့ကျန်းမာစေဖို့ အစာအာဟာရကို နေ့စဉ် စားသုံးမှီဝဲကြရပါတယ်။ အစာအာဟာရက ခန္ဓာကိုယ် ကျန်းမာသန်စွမ်းစေဖို့ ဆက်စပ်မှုရှိနေပါတယ်။ ခန္ဓာကိုယ်ခုခံအားမြင့်မားနေရင် ဖျားနာတာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အစားအစာတွေက ခန္ဓာကိုယ်ခုခံအားကို မြှင့်တင်ပြီး ဖျားနာမှု ကင်းဝေးစေပါတယ်။

ဒိန်ချဉ်မှာ အကျိုးပြုဗက်တီးရီးယားတွေပါဝင်ပြီး အူထဲမှာ ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။ သြစတြေးလျတက္ကသိုလ်ရဲ့ လေ့လာမှုအရ နေ့စဉ် ဒိန်ချဉ် ၇ အောင်စ စားသုံး ပေးပါက ခန္ဓာကိုယ်ခုခံမှုစနစ်ကို တိုးစေတယ်လို့ဆိုပါတယ်။ ဒါ့ပြင် ဆွီဒင်ပညာရှင်တို့ရဲ့လေ့လာမှုအရ ဒိန်ချဉ်စားသုံးပေးပါက ခန္ဓာကိုယ်ခုခံမှုစနစ်ကို တိုးတက်စေတယ်လို့ဆိုပါတယ်။ ဆွီဒင်ပညာရှင်တို့ရဲ့ လေ့လာမှုအရ ဒိန်ချဉ် နေ့စဉ်သောက်သုံးသူတွေက သွေးတွင်းမှာရှိတဲ့ သွေးဖြူဥဆဲလ်တွေကို လှုံ့ဆော် ပေးတာကြောင့် ဖျားနာမှုနည်းစေပါတယ်။

အမဲသားမှာ ခန္ဓာကိုယ်ခုခံအားကို မြှင့်တင်ပေးနိုင်တဲ့ ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ဇင့်ဓာတ်ချို့တဲ့ရင် ရောဂါပိုးဝင်လွယ်စေပါတယ်။ အစားအစာကနေရရှိတဲ့ ဇင့်ဓာတ်က သွေးဖြူဥတွေကို  ဖွံ့ဖြိုးစေပြီး ခန္ဓာကိုယ်အတွင်းဝင်ရောက်လာတဲ့ ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို ဖျက်ဆီးပေးပါတယ်။ အဆီထုတ်ထားတဲ့ အမဲသား ၃ အောင်စကနေ  တစ်နေ့တာလိုအပ်တဲ့ ဇင့်ဓာတ် ၃၀ ရာခိုင်နှုန်း ရရှိစေပါ တယ်။ တခြားဇင့်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ ကမာကောင်၊ ကွေကာ၊ အဆီထုတ်ထားတဲ့ ဝက် သား၊ ကြက်သား၊ ဒိန်ချဉ်နဲ့ နို့ စတာတွေကို စားသုံးနိုင် ပါတယ်။

အုတ်ဂျုံနဲ့ ဘာလီ မှာပါဝင်တဲ့ ဘီတာဂလူတင်မှာ အင်တီအောက်စီးဒင့်အာနိသင်နဲ့ ပိုးသတ်နိုင်တဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ ဒီအာနိသင်တွေကို စားပေးတဲ့သူတွေက အအေးမိတုပ်ကွေး၊ ရေယုန် ဖြစ်တာ တွေကနေ ကင်းဝေးစေပါတယ်။ အုတ်ဂျုံနဲ့ဘာလီကို တစ်ပတ်သုံးကြိမ်လောက် စားသုံးသင့် ပါတယ်။

ကန်စွန်းဥ  စားပေးသင့်ပါတယ်။  အရေပြားက  ခန္ဓာကိုယ်တွင်းကို  ဗက်တီးရီးယားနဲ့  ဗိုင်းရပ်စ်တွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးတယ်။ ဗီတာမင် အေက အရေပြားရဲ့ အဓိကပစ္စည်းတစ်ခုဖြစ်တဲ့ တွယ် ဆက်တစ်သျှူးမျှင်တွေကို ထုတ်လုပ်ရာမှာ ပါဝင်ပါ တယ်။ ဗီတာမင်အေက အစားအစာထဲမှာ ဘီတာ ကယ်ရိုတင်းအဖြစ်ရှိနေပြီး ခန္ဓာကိုယ်တွင်းရောက်မှ ဗီတာမင်အေအဖြစ် ပြောင်းလဲသွားပါတယ်။ ကန်စွန်းဥ ၁၇၀ ကယ်လိုရီကနေ ခန္ဓာကိုယ်အတွက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်အေရဲ့ ၄၀ ရာခိုင် နှုန်းကို ရရှိစေတယ်။ ဗီတာမင်အေရရှိနိုင်တဲ့ လိမ္မော်သီး၊ မုန်လာဥနီ၊ ရွှေဖရုံသီးတွေလည်း စားသုံး နိုင်ပါတယ်။

ကြက်သွန်ဖြူထဲမှာပါဝင်တဲ့ အယ်လီဆင်က ရောဂါ ပိုးကူးစက်မှုနဲ့ ဗက်တီးရီးယားတွေကို ခုခံတိုက် ထုတ်နိုင်တဲ့ အာနိသင်ရှိပါတယ်။ အင်္ဂလန်က သုတေသီတွေက လူပေါင်း ၁၄၆ ဦးကို ကြက်သွန်ဖြူက ထုတ်ထားတဲ့ အယ်လီဆင်တိုက်ကျွေးပြီး မသုံးစွဲထားသူတွေနဲ့ နှိုင်း ယှဉ်ပြီး ၁၂ ပတ်ကြာလေ့လာခဲ့ရာ အယ်လီဆင်တိုက် ကျွေးထားတဲ့သူတွေက အအေးမိတုပ်ကွေးဖြစ်ပွားမှုကို သုံးပုံနှစ်ပုံလျှော့ချနိုင် ကြောင်းတွေ့ရတယ်။ တခြား လေ့လာမှုအရ တစ်ပတ်ကို  ကြက်သွန်ဖြူခြောက်မြွှာ စားပေးခြင်းက အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာ ဖြစ်ပွားမှုကို ၅၀ ရာခိုင်နှုန်းလျှော့ချနိုင်ပါတယ်။ တစ်နေ့ကို   ကြက်သွန်ဖြူ နှစ်ဥစားပေးသင့်ပါတယ်။ ဟင်းချက်ရာမှာလည်း ကြက်သွန်ဖြူ ထည့်ချက်စားသင့်ပါ တယ်။

မှိုက သွေးဖြူဥထုတ်လုပ်မှုနဲ့ လှုပ်ရှားဆောင်ရွက် မှုကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်ခုခံအားကို မြင့်တက် စေတယ်လို့ သုတေသီတွေရဲ့လေ့လာမှုအရ သိရတယ်။ ဖျားနာစေတဲ့ဗိုင်းရပ်စ်တွေ၊ ဗက်တီးရီးယားတွေ ခန္ဓာ ကိုယ်တွင်း မဝင်ရောက်နိုင်စေဖို့ စားတဲ့အစားအစာတွေထဲမှာ ခုခံအားမြှင့်တင်ပေးနိုင်တဲ့ မှိုပါဝင်အောင် စားပေးသင့်ပါတယ်။

ငါးစားသုံးသင့်ပါတယ်။ ဆီလီနီယမ်ဓာတ်ကြွယ်၀ တဲ့ ကမာကောင်၊ ပုစွန်တုပ်၊ ကဏန်း၊ ပင်လယ်ငါးတို့ က သွေးဖြူဥတွေကနေ ဆိုင်တိုတိုင်း ပရိုတင်းထုတ်လုပ်စေပြီး တုပ်ကွေး စတဲ့ဗိုင်းရပ်စ်တွေကို ခန္ဓာကိုယ်ကနေ ဖယ်ရှားရှင်းလင်းပေးပါတယ်။ ဆယ်လ်မွန်ငါး၊ မက်ကရယ် ငါးနဲ့ ဟာရင်းငါး စတဲ့ အိုမီဂါ (၃) အဆီကြွယ်ဝတဲ့ ငါးတွေက ရောင်ရမ်းမှုကို လျှော့ချပေးပြီး အဆုတ် အတွင်း   လေဝင်လေထွက် ကောင်းစေတာကြောင့် အဆုတ်တွင်းဗိုင်းရပ်စ်တွေ ဝင်ရောက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။ တစ်ပတ်လျှင် ငါးကို နှစ်ကြိမ် စားသုံးသင့်ပါတယ်။

ဟင်းနုနယ်ရွက် စားသုံးပေးသင့်ပါတယ်။ ဟင်းနုနယ် ရွက်မှာ ကြက်ဥထဲမှာပါဝင်တဲ့ ဂလူတင် ဓာတ်အများ အပြားပါဝင်ပါတယ်။ ဂလူတင်က ဇရာကြောင့်ဖြစ် တတ်တဲ့ မျက်ကြည်လွှာပျက်စီးမှုကို တားဆီးပေးပါတယ်။ ဟင်းနုနယ်ရွက်ကို ပုံမှန်စားသုံးပေးရင် သွေးကြောနံရံမှာ ကိုလက်စထရောတွေ စုပြုံတာကို ကာကွယ်ပေးနိုင်ပါတယ်။

ကြက်စွပ်ပြုတ် သောက်သုံးပေးသင့်ပါတယ်။ ကြက်စွပ်ပြုတ်နဲ့ တုပ်ကွေးရဲ့ဆက်စပ်မှုကို  သုတေသန ပြုလုပ်သူတွေ လေ့လာကြည့်တဲ့အခါ ကြက်သားကို ချက်ပြုတ်နေချိန်မှာ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်တဲ့ စစ္စတင်းထွက်လာပါတယ်။ အဆိုပါ စစ္စတင်းက လေပြွန်လေးတွေကို ရောင်ရမ်းမှုကျစေတဲ့  ဘေးအဆီ တိုင်း စစ္စတင်းနဲ့ အာနိသင်တူတာကို တွေ့ရှိခဲ့ပါတယ်။ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ဝင်ရောက် နိုင်တဲ့ ပိုးမွှားတွေကို ကာကွယ်နိုင်ပါတယ်။ ကြက်စွပ်ပြုတ် ထဲထည့်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ တွေက ခန္ဓာကိုယ်ခုခံအား မြင့်တက်စေပါတယ်။ အအေးမိတုပ်ကွေး ဖြစ်တော့မယ့် လက္ခဏာတွေ ခံစားနေရရင် ကြက်စွပ် ပြုတ်တစ်ပန်းကန် သောက်သုံးပေးသင့်ပါတယ်။

ထောပတ်သီးက နှလုံးကျန်းမာစေတဲ့ မပြည့်ဝဆီများစွာ ရရှိစေပါတယ်။ မပြည့်ဝဆီတွေက သွေးတွင်း ကောင်းတဲ့ ကိုလက်စထရောတွေများစေပြီး မကောင်းတဲ့ ကိုလက်စထရောတွေ လျော့နည်းစေပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ်က ကိုလက်စထရောစုပ်ယူမှုကိုပါ လျော့နည်း စေတယ်။

ရေနွေးကြမ်း သောက်သုံးပေးသင့်ပါတယ်။ ဟားဗတ်တက္ကသိုလ်ရဲ့လေ့လာမှုအရ တစ်နေ့ကို ရေနွေး ကြမ်း သို့မဟုတ် လက်ဖက်စိမ်းရည်ငါးခွက် သောက် သုံးပေးသင့်ပါတယ်။ မသောက်တဲ့သူတွေထက် ဗိုင်းရပ်စ်တွေကို ခုခံတိုက်ထုတ်နိုင်စွမ်း ၁၀ ဆ ပိုမြင့်တယ်လို့ ဆိုတယ်။ ရေနွေးကြမ်းနဲ့ လက်ဖက်စိမ်း ရည်တွေထဲက ခန္ဓာကိုယ်ခုခံအားကို မြှင့်တင်ပေးနိုင်တဲ့ အမိုင်နိုအက်စစ်ကို ရရှိနိုင်တာကြောင့် နေ့စဉ် အကြိမ်များစွာ သောက်သုံးပေးသင့်ပါတယ်။

ဖျားနာနေချိန်ဆိုရင် အမြန်ဆုံးသက်သာဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေရှိပါတယ်။ ရေများများသောက် သုံးပေးသင့်ပါတယ်။ ရေသောက်တာက ကိုယ်ခံအားကို အကောင်းဆုံးအားဖြည့်တင်းပေးနိုင်ပါတယ်။ ရေ ကို တတ်နိုင်သမျှ များများသောက်သုံးသင့်ပါတယ်။ ရေများများသောက်တဲ့အခါ ဆီးများများသွားပြီး သာမန် အဖျားဆိုရင် သိပ်မကြာခင် ကျသွားစေနိုင်ပါတယ်။ နေ့စဉ် ရေသန့် ၂ လီတာ ဒါမှမဟုတ် ၃  လီတာ သောက်ရပါမယ်။

အစာကြေခဲတာ၊ အဆီများတာတွေကို ရှောင်ဖို့ ပျော့ပျောင်းပြီး ကြေလွယ်မယ့်အစားအစာတွေ၊ အာဟာရဖြစ်စေမယ့် အစားအစာတွေ စားသုံးသင့်ပါတယ်။ ကြက်စွပ်ပြုတ်သောက်တာက အကောင်းဆုံး ဖြစ်ပြီး အဖျားပျောက်လွယ်စေပါတယ်။ အိပ်ရေး၀၀ အိပ်သင့်ပါတယ်။  တစ်ခါတလေမှာ  ဖျားနာတာက ခန္ဓာကိုယ်က အနားယူဖို့လိုအပ်နေတာလည်း ဖြစ်နိုင် ပါတယ်။ အိပ်ရေး၀၀အိပ်တာ၊ ပြည့်ပြည့်၀၀အနားယူ တာက  ခန္ဓာကိုယ်ခုခံအားကို  အားဖြည့်ရာရောက်ပြီး မြန်မြန် နေကောင်းစေနိုင် လို့ ဖျားနာတဲ့ရက် နည်းပါးစေတယ်။ ကိုယ်ခံအားကို ဒုက္ခပေးပြီး ဖျားနာခြင်းဖြစ်လွယ်တာ၊ အဖျား တာရှည်တာတွေဖြစ်နိုင်လို့ စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံး ဖြေလျှော့သင့်ပါတယ်။    ။             

ဒေါက်တာလွင်သန့်